မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၈-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ဒုဌ၀တီမြစ်ရေသည်မြစ်ငယ်မြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့နယ်များ၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း ဆက်လက်တည်ရှိနေပါသည်။
အဆိုပါမြစ်ရေတက်မှုများကြောင့်မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများပြုလုပ်ထားပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဦးဆောင်၍ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများကို အောက်ပါအတိုင်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်ထောင်စု၀န်ကြီးဒေါက်တာ၀င်းမြတ်အေးသည် (၁-၈-၂၀၁၆) နေ့တွင် မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ အမရပူရမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့များသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပါသည်။
(၂-၈-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စု၀န်ကြီးသည် မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့်အတူ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် ကုန်းဇောင်းမြို့များသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ပါသည်။
ယနေ့ (၃-၈-၂၀၁၆) ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး၀င်းထွဋ်ဦးသည် မြင်းခြံ၊ ညောင်ဦး၊ ရေစကြိုမြို့နယ်များသို့လည်းကောင်း၊ ညွှန်ကြားရေးမှူးဦး၀င်းထိန်ကျော်သည် အောင်လံ၊ ပြည်၊ ပန်းတောင်း၊ မိုးညိုမြို့နယ်များသို့လည်းကောင်း သွားရောက်၍ထောက်ပံ့ရေးလုပ်ငန်းများအား ကွင်းဆင်းဦးစီးဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် ကချင်ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်မြို့နယ်များသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညောင်ဦး၊ တံတားဦး၊ အမရပူရ၊ စဉ့်ကူး၊ စဉ့်ကိုင်၊ ပုသိမ်ကြီး၊ မြင်းခြံ၊ ငါန်းဇွန်၊ ပြည်ကြီးတံခွန်၊ တောင်သာမြို့နယ်များသို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ထီးချိုင့်၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၀၊ မြောင်၊ စစ်ကိုင်းမြို့နယ်များသို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သရက်၊ ရေနံချောင်း၊ ရေစကြို၊ စလင်းမြို့နယ်များသို့လည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မြန်အောင်၊ ဓနုဖြူမြို့နယ်များသို့လည်းကောင်း၊ ပြည်ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပန်းတောင်း၊ ရွှေတောင်၊ ပြည်မြို့နယ်များသို့လည်းကောင်း ကွင်းဆင်း၍ ဆန်ရိက္ခာ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုဆောင်ရွက်လျက်ရှိပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် (၂-၈-၂၀၁၆) ရက်နေ့အထိ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်းတန်ဖိုးကျပ်သိန်း(၈၅၀)ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျန်ရှိသောမြို့နယ်များသို့လည်း ထောက်ပံ့မှုများ ဆက်လက်၍ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။