ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြေစာပုံပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးအခြေအနေများကို စိစစ်လေ့လာခြင်းနှင့် ပံ့ပိုးကူညီမှုများပေးခြင်းများကို ပြည်ထောင်စုဝန်ကြီးများဆောင်ရွက်


ဇူလိုင် ၃ရက်၊ မြစ်ကြီးနား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်(၀၇:၀၀)နာရီဝန်းကျင်အချိန်ခန့်တွင် မြေစာပုံပြိုကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ ဖားကန့်မြို့နယ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ရာ ယနေ့ညနေအထိ သေဆုံးသူ ရုပ်အလောင်း (၁၇၂)လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ကျား(၄၃)ဦးကို ရှာဖွေကယ်ဆယ်ခဲ့ပါသည်။ သေဆုံးသူများကိုစိစစ်ခြင်းနှင့် မိသားစုဝင်များနှင့် ဆက်သွယ်ဆောင် ရွက်ခြင်း၊ သေဆုံးသူများကို သင်္ဂြိုလ်ခြင်း၊ ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းနှင့် အခြားအရေးပေါ် လိုအပ်ချက် များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဒဏ်ရာရရှိသူများအနက် ဝှေခါ တိုက်နယ်ဆေးရုံတွင် (၉)ဦး၊ ဖားကန့်မြို့နယ်ဆေးရုံတွင် (၁၇)ဦး၊ မြစ်ကြီးနားဆေးရုံတွင် (၆)ဦး စုစုပေါင်း (၃၂)ဦး ဆေးရုံတက်ရောက် ကုသလျက်ရှိပါသည်။
မြေစာပုံပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးအခြေအနေများကို စိစစ်လေ့လာခြင်းနှင့် ပံ့ပိုးကူညီမှုများပေးခြင်းများကို ဆောင်ရွက်ရန် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြားရေးမှူး ချုပ်များ တာဝန်ရှိသူများသည် ယနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီး ပြည်နယ်အစိုးရ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် မြေစာပုံပြိုကျမှုများကြောင့် တက်ရောက်ကုသလျက်ရှိသူ (၆) ဦးနှင့် ယခု ဖြစ်စဉ် မတိုင်မီက မြေစာပုံပြိုကျမှုများကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိ သူ (၂) ဦးတို့အား အားပေးစကားများပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပါသည်။ ထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1_ha_lsd
#hl2_ha_lsd
#kcn_jul2020

Sign Up

Upcoming Events