ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများဘဝ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

~~~~~
Source: MOSWRR
~~~~~
ဇွန် ၂၂၊ နေပြည်တော်
~~~~~
ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများဘဝ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့”၏ (၈)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို (၂၂-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဖားကန့်ဒေသသည် အဖိုးမဖြတ်နိုင်သည့် ရတနာမြေတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါဒေသတွင် အလုပ် လုပ်ကိုင်နေကြသည့် ဒေသခံနှင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုများလည်းရှိနေကြောင်း၊ ထိုသူများသည်လည်း တန်ဖိုးရှိသည့် လူသားအရင်းအမြစ်များဖြစ်ကြပြီး နောင်မျိုးဆက်များအတွက်လည်း ဘေးကင်း လုံခြုံပြီး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဖားကန့်ဒေသအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည်မှာ ၁နှစ်နှင့် (၈)လခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးဟုဆိုသော်လည်း ဖားကန့်ဒေသတစ်ခုလုံးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မှုများကို သုံးသပ်ကြည့်ရာတွင် ကောင်းသောအရွေ့ များစွာရှိပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဖားကန့်ဒေသ ဘေးကင်းလုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးအကြီးဆုံးကိစ္စသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါကြောင်း၊ ရတနာနယ်မြေဖြစ်သည့်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေးသည်လည်း အရေးကြီးပါကြောင်း၊ ဖားကန့်ဒေသအတွင်းသို့ ရွှေ့ပြောင်းအလုပ်သမားများသည် မျှော်လင့်ချက်ဖြင့် လာရောက်ကြခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဘေးကင်းလုံခြုံမှုမရှိသော လုပ်ငန်းခွင်အခြေအနေ များကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရကြောင်း၊ ဘေးကင်းလုံခြုံသော အလုပ်အကိုင်အခွင့်အလမ်း များဖော်ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရေးပါသည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲကိုလည်း ထည့်သွင်းဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၁၆)ချက် ချမှတ်ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲအနေဖြင့် အချက်(၁၃)ချက်နှင့် ဆောင်ရွက်ပြီးအနေဖြင့် (၃)ချက် ရှိခဲ့ပါကြောင်း၊ ဆောင်ရွက်နေဆဲဖြစ်သည့် လုပ်ငန်းများသည်လည်း ပြီးပြတ်အောင် ဆောင်ရွက်၍မရနိုင်သေးသည့် လုပ်ငန်းရပ်များဖြစ်ပြီး အချိန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအများစုသည် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတို့အပေါ်တွင် မူတည်ပါကြောင်း၊ မူးယစ်ဆေးဖြတ်လုပ်ငန်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီဖြစ်ပါကြောင်း၊ မူးယစ်သံသရာမှ ပြတ်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား များ၏ သားသမီးများ၏ ပညာရေး၊ကျန်းမာရေးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓါတ်အား ရရှိရေး၊ နှစ်စဉ်ဖြစ်ပွားတက်သည့် ရေးကြီး၊ ရေလျှံ သဘာဝဘေးနှင့်ပတ်သက်၍ ဥရုချောင်း ရှင်းလင်းရေးကိစ္စများကိုလည်း လုပ်ငန်းအဖွဲ့ခွဲများအလိုက် အားလုံးဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သစ်ပင်များကိုပြန်လည်စိုက်ပျိုးခြင်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကျောက်မျက်နည်းဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းဥပဒေပေါ်ပေါက်ပြီးပါက လုပ်ငန်းအဖွဲ့ခွဲများ၏ဆောင်ရွက်မှုများ ပိုမိုပြီပြင်လာမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် အထူးအရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဖြစ်ပြီး ဖားကန့်ဒေသတွင် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ၊(၂)ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို မမေ့မလျော့ လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊ နိုင်ငံတော် အနေ ဖြင့်လည်း ပြည်ပမှဝင်ရောက်သူများကို စနစ်တကျစောင့်ကြည့်စစ်ဆေးနေခြင်းများရှိပြီး ပြည်တွင်း ကူးစက်မှုမများပြားသေးသော်လည်း ဖားကန့်ဒေသသည် ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် အထူးအလေးထားရမည့်ဒေသတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ (၇)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့ပါသည်။
 
ဆက်လက်ပြီး ဖားကန့်ဒေသ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေး ဝမ်းကျောင်း သင်တန်းပေးရေးနှင့် အလုပ်အလုပ်အကိုင်ရှာဖွေပေးရေးလုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲနှင့် ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲတို့၏ တာဝန်ရှိသူများက ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events