ကျောက်ဖြူ၊ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ အချိန်ယူ၍ အဆင့်ဆင့်အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေး မှုသတင်း

ဇွန် ၁၉ ၊ နေပြည်တော်
ကျောက်ဖြူ၊ ကျောက်တစ်လုံး IDPစခန်းပိတ်သိမ်းရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့် အညီ အချိန်ယူ၍အဆင့်ဆင့် အကောင်အထည်ဖော်ညှိနှိုင်းဆောင်ရွက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အွန်လိုင်း အစည်းအဝေး ပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲ အတည်ပြုနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ စနစ်တကျပိတ်သိမ်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် မှီခိုမှုကင်းစွာ ရပ်တည်နိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီရေး၊ လူမှုသဟဇာတဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးဖော်ဆောင်ပေးနိုင်ရေး တို့ကို လက်တွေ့ကျကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောက်တစ်လုံး IDP စခန်းနှင့်ပတ်သက်၍ မဟာဗျူဟာနှင့်အညီ စနစ်တကျအချိန်ယူ၍ အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လက်ရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း အလေးထားရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ခံစားရလေ့ရှိသောဒေသဖြစ်သဖြင့် ယခုပြန်လည်နေရာချထားရန် ရည်ရွယ်သောနေရာကို သဘာဝဘေးဒဏ် ခံစားရမှုမှကာကွယ်ရန် ကြိုတင်ဆောင်ရွက်နေမှု လုပ်ငန်းများ၊ လက်ရှိ လျာထားဆောင်ရွက်လက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့ကို စခန်းရှိ နေရပ်စွန့်ခွာသူများနှင့် နိုင်ငံတကာက အမှန်အတိုင်းသိရှိ နားလည်ရန် လိုအပ်ကြောင်း၊ အားလုံး ပူးပေါင်း အကောင်အထည်ဖော်နိုင်မည့် အခြေအနေများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆွေးနွေးရာတွင် စခန်းရှိနေရပ်စွန့်ခွာသူများ အတွက် ပိုမိုကောင်းမွန်သော အခြေအနေရရှိစေရေးအတွက် ဆောင်ရွက်မှုများပေါ်တွင် အပေါ်ယံ အသိဖြင့် အပေါ်ယံကြည့်၍ သတင်းအမှားများ မပြန့်ပွားစေရန် အမှန်ဆောင်ရွက်နေမှုများကို ဒေသခံများ၊ စခန်းနေသူများနှင့် နိုင်ငံတကာက သိရှိရန်လိုအပ်ကြောင်း၊ မကြာခဏ ထိတွေ့၍ ရှင်းလင်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စက်မှု၊ လမ်းပန်းနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ကျောက်ဖြူ၊ ကျောက်တစ်လုံး စခန်း ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ထိုဒေသပတ်ဝန်းကျင်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်စပ်လျဉ်း၍ နည်းပညာအသုံးပြု ဆောင်ရွက်နေမှုများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကနှင့်အစိုးရ ပူးပေါင်းဆောင်ရွက်နေမှုများ၏ အသေးစိတ် လုပ်ငန်းအစီအစဉ်များ၊ အမျိုးသားအဆင့်မဟာဗျူဟာအရ ကဏ္ဍအားလုံးပါဝင်သော စီမံချက်ရေးဆွဲမည့်အစီအစဉ်များ၊ လက်တွေ့မြေပြင်အခြေအနေတွင် ဆောင်ရွက်နေသူများနှင့် ဒေသခံများ၊ စခန်းရှိ နေရပ်စွန့်ခွာ သူများအကြား ထိရောက်သော ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ် များတွင် အားလုံးအချိန်ယူ၍ အဆင့်လိုက်၊ ကဏ္ဍအလိုက် သက်ဆိုင်ရာ တစ်ဖွဲ့ခြင်းကလည်းကောင်း၊ အားလုံးပူးပေါင်း၍လည်းကောင်း တာဝန်ယူမှုဖြင့် ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#npw_jun2020

Sign Up

Upcoming Events