နေရပ်ပြန်များအများဆုံးပြန်လည်ဝင်ရောက်ကြသည့် မြဝတီနယ်စပ်ဂိတ်နှင့် ကရင်ပြည်နယ်ရှိ Quarantine Center များတွင် ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက (၁၈-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးအရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာနပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံနည်းပညာတက္ကသိုလ်အတွင်း၌ Quarantine Centerအဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများနှင့် မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြသော နေရပ်ပြန်များအား ကူညီဆောင်ရွက်ပေးကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကရင်ပြည်နယ်အတွင်းရှိ အသွားအလာကန့်သတ်ခြင်းနေရာများတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၂၉၇) ဦး၊ အသက်(၅)နှစ်အောက်ကလေး(၁၇၄)ဦးနှင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၁၈)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့်စုစုပေါင်းငွေကျပ်၁၄,၆၇၀,၀၀ဝိ/- (ကျပ်တစ်ရာလေးဆယ့်ခြောက်သိန်းခုနှစ်သောင်းတိတိ)ကို ပြည်ထောင်စုဝန်ကြီးက စခန်းတာဝန်ခံထံသို့ ပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက Quarantine Centerများနှင့် မြဝတီနယ်စပ်ဂိတ်တွင် ကူညီဆောင်ရွက်ပေးကြသည့်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအား အထူးကျေးဇူးတင်ရှိကြောင်း၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် COVID-19 ကာလ၏စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ရာ စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များအားတွေ့ဆုံ၍ တစ်ဦးတစ်ဖွဲ့ချင်းပေးအပ်ခြင်း၊ အခမ်းအနားဖြင့်ဂုဏ်ပြုပြောကြားခြင်းများကို လက်ရှိအခြေအနေအရ ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ လိုအပ်ချက်များကို မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့မှအဆင့်ဆင့်သတင်းရယူ၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ယနေ့အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြဝတီခရိုင်တို့အတွင်းရှိ စုစုပေါင်းစေတနာ့ဝန်ထမ်း(၂၄၁) ဦး၊ ပရဟိတအဖွဲ့ (၂၃) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့်အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကရင်ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များ လက်ဝယ်အရောက်ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များစာရင်းကျန်ရှိခြင်းများရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ကျန်ရှိသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် COVID-19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများနှင့်စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့တာဝန်ရှိသူများ၏စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ပါသည်။
ယနေ့ကရင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။