ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

~~~~~~~
Source: MOSWRR
~~~~~~~
ဇွန် ၁၆၊ နေပြည်တော်
~~~~~~~
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
 
(၁၆-၆-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဒူကထောင်နယ်မြေ(၄)၊ (၅)နှင့် (၁၄) စသည့် IDP စခန်း(၃)ခုသို့ သွားရောက်၍ ဆပ်ပြာ(၁၁၅၂)ခဲအား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
 
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက္ကေပြင်၊ ဘာဆာရာနှင့် သဲချောင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ ဆပ်ပြာ(၂၁၅၃၀)တောင့်၊ ဆပ်ပြာရည်(၅၂)ဗူး၊ ဗီနိုင်း(၉)ချပ်၊ လက်ဆေးစင်(၃၂)ခုနှင့် သံသယလူနာတွေ့ရှိပါက အရံသင့်အသုံးပြုနိုင်ရန် PPE ဝတ်စုံ(၈)စုံတို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events