COVID-19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့်မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ရှိသူတို့ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပညာရေးကောလိပ်ဝန်းအတွင်းနှင့် မင်းဘူးမြို့၊ စက္ကတဲဘုရားကျောင်းဝန်းအတွင်းတို့၌ Quarantine Center များအဖြစ် ဖွင့်လှစ်ထားသည့်နေရာများသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများအား ကူညီဆောင်ရွက်ပေးကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မကွေးတိုင်းဒေသကြီးအတွင်းရှိ အသွားအလာကန့်သတ်ခြင်းနေရာများတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၁၀၁)ဦး၊ အသက်(၅)နှစ်အောက်ကလေး(၂၆)ဦးနှင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၈)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့်စုစုပေါင်းငွေကျပ် (၄,၀၅၀,၀၀ဝိ/-) (ကျပ်သိန်းလေးဆယ်ငါးသောင်းတိတိ)ကို ပြည်ထောင်စုဝန်ကြီးက စခန်းတာဝန်ခံများထံသို့ ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဆိုပါ Quarantine Centerများရှိ စေတနာ့ဝန်ထမ်းကိုယ်စားလှယ်များအား ကူညီဆောင်ရွက်မှုလုပ်ငန်းများတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို မေးမြန်း၍ကူညီပံ့ပိုးမည့်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ယနေ့အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်တို့၏ မြို့နယ်(၂၅)မြို့နယ်အတွင်းရှိ စုစုပေါင်းစေတနာ့ဝန်ထမ်း (၇,၅၈၀) ဦး၊ ပရဟိတအဖွဲ့ (၁၇၂) ဖွဲ့တို့အတွက်ပေးအပ်ခဲ့သည့်အသိအမှတ်ပြုဂုဏ်ပြုလွှာများကို မကွေးတိုင်းဒေသကြီးအစိုးရအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များစာရင်းကျန်ရှိခြင်းများရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် COVID-19 ကာလ၏ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ရာ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားတွေ့ဆုံ၍ တစ်ဦးတစ်ဖွဲ့ချင်းပေးအပ်ခြင်း၊ အခမ်းအနားဖြင့် ဂုဏ်ပြုပြောကြားခြင်းများကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ လိုအပ်ချက်များကို မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့မှ အဆင့်ဆင့်သတင်းရယူ၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် COVID-19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့တာဝန်ရှိသူများ၏စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ပါသည်။
ယနေ့မကွေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။