
ဇွန်၁၃၊ မန္တလေး
COVID -19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုး တံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ် နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင် ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅) နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ ငွေပေးခြင်းတို့ကို အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာအထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူတို့ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နန္ဒဝန် ဝန်ထမ်း အိမ်ရာနှင့် ဒေါနခြံတို့၌ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် နေရာများသို့ရောက်ရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများအား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများ ကိုဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၃၅)ဦး၊ အသက်(၅)နှစ်အောက် ကလေး(၃၀)ဦးနှင့် အသက် (၆၀)နှစ်အထက် သက်ကြီးရွယ်အို (၂)ဦးတို့အတွက်တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့်ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် (၂,၀၁၀,၀၀ဝိ/-) (နှစ်ဆယ်သိန်းတစ်သောင်း တိတိ)ကို လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဇီဝိတဒါန သံဃာ့ဆေးရုံတွင် Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့်နေရာသို့ ရောက်ရှိခဲ့ကြပြီး ကူညီ ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံသို့ပေးအပ်ခြင်း၊ စေတနာ့ ဝန်ထမ်း ရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်တို့ထံပေးအပ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၇၂) ဦး၊ အသက်(၅) နှစ်အောက် ကလေး (၇၆)ဦးနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၁၆)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် ထောက်ပံ့သည့်စုစုပေါင်းငွေကျပ် (၄,၉၂၀,၀၀ဝိ/-) (လေးဆယ့်ကိုးသိန်းနှစ်သောင်း တိတိ) ကို လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကစခန်းတာဝန်ခံတစ်ဦးထံသို့ပေးအပ်ခဲ့ပါသည်။
ယနေ့အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိစေတနာ့ဝန်ထမ်း (၄,၅၄၁) ဦး၊ပရဟိတအဖွဲ့ (၂၈၆) ဖွဲ့နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိစေတနာ့ဝန်ထမ်း (၅,၄၉၄) ဦး၊ပရဟိတအဖွဲ့ (၅၁၁) ဖွဲ့တို့အတွက်ပေးအပ်ခဲ့သည့် အသိအမှတ်ပြုဂုဏ်ပြု မှတ်တမ်း လွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များ စာရင်းကျန်ရှိခြင်းများရှိပါကလည်း ဂုဏ်ပြုခြင်းများထပ်မံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် COVID -19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများနှင့် စေတနာ့ဝန်ထမ်းရင်ထိုး တံဆိပ် များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စေတနာ့ ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့်ဆက်လက်ဂုဏ်ပြုပေးအပ်သွား မည်ဖြစ်ပါသည်။
ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုး တံဆိပ်များပေးအပ် ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#hl1
#mdy_jun2020
Source: MOSWRR