ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDP) များ ပြန်လည်နေရာချထားမှုအကောင် အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Video Conference ဖြင့် တက်ရောက်ဆွေးနွေး

~~~~~~~
Source: MOSWRR
~~~~~~~
ဇွန် ၁၁ ၊ နေပြည်တော်
~~~~~~~
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ((KBC ဥက္ကဌ၊ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန်အဖွဲ့တို့နှင့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ(IDP)များ ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို (၁၁-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းက Video Conference ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDP)များ ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ (၈-၅-၂၀၁၉)ရက်နေ့တွင် ဖွဲ့စည်းကာ ကချင်ပြည်နယ်အတွင်းရှိ (IDP) စခန်းများ ပိတ်သိမ်းရေးအတွက် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးပိတ်သိမ်းရမည့်စခန်းများရွေးချယ်ခြင်း၊ ပြန်လည်နေရာချထားမည့်နေရာများရွေးချယ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲပြီးဖြစ်ကြောင်း၊ နေရပ်စွန့်ခွာရသူ(IDP)များအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ရရှိရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ၏ဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များတွင်လည်း ပြန်လည်နေရာချထားရေးကိစ္စများဆောင်ရွက်ပေးရန် ပါဝင်ကြောင်း၊ The Nippon Foundation ၏ကူညီထောက်ပံ့မှုဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က (IDP)စခန်းများမှ မိသားစုများနေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေးစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် NRPC ၏လမ်းညွှန်ချက်နှင့်အညီ အမျိုးသမီးများအတွက် Vocational Trainingများ ရရှိရေးပိုမိုအလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီတွင် အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှားလျက်ရှိသော အမျိုးသမီးအဖွဲ့(၁၁) ဖွဲ့ပါဝင်ကြောင်း၊ နေပြည်တော်ကောင်စီတိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်တွင် အမျိုးသမီးကော်မတီများဖွဲ့စည်းထားရှိရာ ကချင်ပြည်နယ်အမျိုးသမီးကော်မတီတွင်လည်း ထိုအမျိုးသမီးအဖွဲ့အစည်းများပါဝင်လျက်ရှိသဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့ရသောအခက်အခဲများကို ပြည်ထောင်စုအစိုးရ၊ ကချင်ပြည်နယ်အစိုးရ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၊ ကချင်ဒေသတိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက အချင်းချင်းယုံကြည်မှုတည်ဆောက်၍ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
 
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က ဂျပန်အစိုးရနှင့် The Nippon Foundation မှလှူဒါန်းသောအမေရိကန်ဒေါ်လာ(၅)သန်းဖြင့်(IDP) မိသားစု(၅၀၀)မှ အိမ်ထောင်စု(၁၈၃)စုကို ရှေ့ပြေးနေရပ်ပြန်ရေး၊ စံပြပြန်လည်နေရာချထားရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ လှူဒါန်းငွေများနှင့်စပ်လျဉ်း၍ စီမံကိန်းသဘောတူညီချက်တွင် ချုပ်ဆိုထားသည့်အတိုင်းလုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရ၏ပူးပေါင်းပံ့ပိုးကူညီမှုများလိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများက ကဏ္ဍအလိုက်ဆွေးနွေးရာတွင် ရှေ့ပြေးပြန်လည်နေရာချထားရေးအကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များ၊ ကနဦးစားနပ်ရိက္ခာ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာလိုအပ်ချက်များကို အစိုးရကပံ့ပိုးကူညီဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
 
ဆက်လက်ပြီး ကချင်ဒေသတိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)နှင့်လည်း ကချင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာရသူများ IDPစခန်းများပိတ်သိမ်းရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events