ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးများအဆင့် Online အထူးအစည်းအဝေးတက်ရောက်ဆွေးနွေး

~~~~~~
Source: MOSWRR
~~~~~~
ဇွန် ၁၀၊ နေပြည်တော်
~~~~~~
 
အာဆီယံလူမှုဝန်ထမ်းနှင့်လူမှုဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးများအဆင့် online အထူးအစည်းအဝေး (Special Online Meeting of the ASEAN Minister Meeting on Social Welfare and Development (AMMSWD) ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဦးဆောင်၍ (၁၀-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
 
အဆိုပါအစည်းအဝေးဖွင့်ပွဲတွင် (AMMSWD) အလှည့်ကျဥက္ကဌလာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးက COVID-19 ကပ်ရောဂါအနေဖြင့် မိမိတို့အာဆီယံနိုင်ငံများအတွင်းရှိ ထိခိုက်လွယ်အုပ်စုများကို အထူးဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်စေကြောင်း၊ မိမိတို့နိုင်ငံများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များနှင့် လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားစေလိုပါကြောင်း၊ သင်ခန်းစာကောင်းများကိုလည်း မျှဝေဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်ပြီး အာဆီယံအတွင်းရေးမှူးရုံးချုပ်အဖွဲ့က COVID-19 ကပ်ရောဂါကာလအတွင်း အာဆီယံဒေသတွင်းနိုင်ငံများရှိ ထိခိုက်လွယ်အုပ်စုများအပေါ် သက်ရောက်မှုအခြေအနေများနှင့် အာဆီယံနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများကို သုံးသပ်တင်ပြခဲ့ပါသည်။
အာဆီယံနိုင်ငံများအလိုက် ဝန်ကြီးများက အလှည့်ကျဆွေးနွေးတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ မချန်ထားရှိဘဲ ကပ်ရောဂါကြောင့် သက်ရောက်မှုများကို လျှော့ချနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို မိမိတို့အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGOs များ၊ လူမှုရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကလေးသူငယ်များနှင့်အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူများကို စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီပေးမှုများ၊ မိခင်နှင့်ကလေးများ၊ သက်ကြီးရွယ်အိုများအား လူမှုရေးစောင့်ရှောက်မှုနှင့် ငွေကြေးထောက်ပံ့မှုအစီအစဉ်များ ဆောင်ရွက်မှုနှင့် မသန်စွမ်းမှုအမျိုးအစားအလိုက် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးဆောင်ရွက်မှုများ၊ IDP Camp များတွင် ထောက်ပံ့ကူညီပေးမှုများနှင့် တစ်နိုင်ငံလုံးရှိ COVID19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများကိုပံ့ပိုးကူညီရေးနှင့် လုပ်ငန်းများထိရောက်စေရေးအတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို (၁၅.၄.၂၀၂၀) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အာဆီယံနိုင်ငံများအနေဖြင့် COVID-19 ကာလအတွင်း ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများစသည့် ထိခိုက်လွယ်အုပ်စုများအတွင်း အလေးပေးကာကွယ်စောင့်ရှောက်နိုင်ရေး Joint Statement ကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events