ဇွန်လ ၇ ရက်၊ နေပြည်တော်
~~~~~~~
မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလနှင့် မိုးနှောင်းကာလများ၌ ပိုမိုဖြစ်ပွားတတ်ပြီးလေ့လာတွေ့ရှိမှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ်ခြင်းအဖြစ်အများဆုံးအချိန်မှာ မွန်းတည့်(၁၂)နာရီမှ ညနေ(၆)နာရီအတွင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
မိုးကြိုးပစ်မှုကြောင့် ၂၀၁၉ ခုနှစ်တွင် လူ(၁၃၃)ဦးသေဆုံးခဲ့ပြီး (၅၂)ဦးဒဏ်ရာရရှိခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ လူ(၆၂)ဦးသေဆုံးကာ (၂၆)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မိုးကြိုးပစ်မှုဖြစ်စဉ်များကိုကြည့်ပါက မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းဖြစ်ပေါ်နေချိန်များတွင် လယ်ကွင်းထဲ၌အလုပ်လုပ်နေစဉ်၊ အိမ်အပြင်ဘက်၌ လူများတစ်စုတစ်စည်းတည်းရှိနေစဉ်၊ လမ်းပေါ်စက်ဘီးတွန်းလာစဉ်၊ မြစ်ကမ်းဘေးတွင်လမ်းလျှောက်လာစဉ်၊ နေအိမ်ခြံဝန်းအတွင်းသစ်ပင်ဘေး၌ထိုင်နေစဉ်၊ ရေမြောင်းတူးနေစဉ်၊ နေအိမ်တံစက်မြိတ်၌ မိုးရေချိုးနေစဉ်၊ နေအိမ်ထဲ၌ရေဒီယိုနားထောင်နေစဉ်၊ အိမ်ထဲ၌ဖုန်းဖြင့်အင်တာနက်အသုံးပြုနေစဉ်၊ ဖုန်းပြောနေစဉ်၊ သစ်ပင်အောက်တွင်မိုးခိုနေစဉ်၊ တောင်ယာတဲအတွင်းရှိနေစဉ်၊ ချောင်းထဲတွင် ငါးဖမ်းနေစဉ်၊ အုန်းပင်အနီးရှိနေစဉ် စသည်ဖြင့်တွေ့ရှိရပါသည်။
သို့ဖြစ်ရာ မိုးကြိုးပစ်မှုများသည် အဆောက်အအုံများအပြင်ဘက်၊ လယ်ကွင်း၊ ကွင်းပြင်များ၌သာမက အိမ်အတွင်း၌ရှိနေစဉ်တွင်ပင် မိုးကြိုးစက်ကွင်းအန္တရာယ်ရှိနိုင်ပြီး သေဆုံးမှုများ၊ ဒဏ်ရာရမှုများဖြစ်ပွားတတ်ကြောင်း သတိပြုနိုင်ပါရန်နှင့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နေချိန်တွင် အောက်ပါအချက်များကို အထူးသတိပြုလိုက်နာနေထိုင်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်အပ်ပါသည်-
(က) အိမ်အပြင်တွင်ရောက်ရှိနေပါက-
(၁) အိမ်ထဲသို့ချက်ချင်းပြေးဝင်ပါ။ သံ/သတ္ထုပစ္စည်းများကို လက်တွင်ကိုင်မထားပါနှင့်၊ သံ/သတ္ထုပစ္စည်းများသည် လျှပ်စစ်အလွယ်တကူစီးနိုင်သောကြောင့် မိုးကြိုးအလွယ်တကူပစ်နိုင်ပါသည်။
(၂) သစ်ပင်၊ဓါတ်တိုင်၊ သွပ်ဆူးကြိုးကာထားသည့်ခြံစည်းရိုးနှင့် သံ/သတ္ထုပစ္စည်းများအနီးတွင်မနေပါနှင့်၊
(၃) ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်စသည့်နေရာများတွင် ရှိနေခဲ့လျှင် ရေထဲမှချက်ချင်းတက်ပြီး လုံခြုံသည့်နေရာအမိုးအကာရှာ၍နေပါ။
(၄) ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေပါက အမြန်ဆုံးလူစုခွဲပါ။
(၅) ကွင်းပြင်တွင်ထီးထီးကြီးမနေပါနှင့်။ မလွဲသာမရှောင်သာဘဲကွင်းပြင်နှင့် လွင်တီးခေါင်အလယ်တွင်ရောက်နေပါက လျှပ်စီးလက်၍မိုးထစ်ချုန်းသံများကြားလျှင် ရပ်မနေပဲ နီးစပ်ရာနိမ့်သောနေရာများနှင့် ချိုင့်ဝှမ်းများအတွင်း၌၀ပ်နေပါ။
(၆) စက်ဘီး၊ ဆိုင်ကယ်ပေါ်ရောက်ရှိနေပါက အမြန်ဆုံးဆင်းပါ။
(၇) ဆံပင်များထောင်လာသည်ဟုခံစားရပါက မိုးကြိုးပစ်တော့မည့်လက္ခဏာဖြစ်သည်။ ထိုသို့ဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကိုဒူးပေါ်သို့ယှက်တင်၍ ခန္ဓာကိုယ်ကိုကွေးညွှတ်ထားပါ၊ မြေပြင်ပေါ်တွင်ပြားပြားဝပ်မှောက်မနေပါနှင့်။ ထိုသို့မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပိုကြီးမားသော မိုးကြိုးပစ်မှတ်ဖြစ်သွားနိုင်ပါသည်။
(၈) လှေသမားများ၊ရေကူးသမားများအနေဖြင့်ဖြစ်နိုင်သမျှကမ်းသို့ကပ်ပါ။
( ခ) အိမ်အတွင်းတွင်ရှိနေပါက-
(၁) ဖြစ်နိုင်ပါက အဆောက်အဦ၏အလယ်တွင်နေပါ။ ပြတင်းပေါက်များနှင့် ဝေးကွာသော နေရာတွင်နေပါ။
(၂) ရေဒီယိုနားထောင်ခြင်း၊ တီဗွီများကြည့်ခြင်းများ မပြုလုပ်သင့်ပါ။
(၃) ဖုန်းပြောခြင်း၊ ဖုန်းဖြင့်အင်တာနက်သုံးခြင်းများ မပြုလုပ်သင့်ပါ။
(၄) လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကိုခလုတ်ပိတ်၍ပလပ်ဖြုတ်ထားပါ။
(၅) လျှပ်စီးများလက်နေသည့်အခါရေသုံးစွဲခြင်း၊ ရေချိုးခြင်းမပြုလုပ်သင့်ပါ။ အိမ်အတွင်းရှိသံ/သတ္ထုနှင့်ဆက်စပ်သောပစ္စည်းများတွင်လျှပ်စစ်စီးဝင်နိုင် သည်ကိုသတိပြုပါ။မည်သည့်သံ/သတ္ထုပစ္စည်းကိုမှမကိုင်ပါနှင့်။လျှပ်စစ်စီးကူးလွယ်သည့်ပစ္စည်းများနှင့်ဝေးရာတွင်နေထိုင်သင့်ပါသည်။
(၆) မိုးကြိုးအပစ်ရပ်ပြီးနာရီဝက်ကျော်ကြာမှအိမ်ပြင်သို့ထွက်ပါ။
(၁) အရှိန်ကိုလျှော့ပါ။လမ်းဘေးသို့ချရပ်ပါ။ကားထဲတွင်သာဆက်နေပါ။
(၂) ကားရပ်ထားစဉ်အရေးပေါ်အချက်ပြမီးကိုဖွင့်ထားပါ။
(၃) သစ်ပင်ကဲ့သို့ရှည်လျားမြင့်မားသည့်အရာများနှင့် ဝေးရာတွင်နေပါ။ ၎င်းအရာများသည် လေပြင်းဒဏ်ကြောင့်သော်လည်းကောင်း၊ မိုးကြိုးပစ်သည့်ဒဏ်ကြောင့်သော်လည်းကောင်း လဲကျနိုင်၍ဖြစ်သည်။
(၄) ကားထဲတွင်မည်သည့်သံ/သတ္ထုပစ္စည်းကိုမှမကိုင်ပါနှင့်။
(၅) ရေလွှမ်းနေသောလမ်းပေါ်တွင် ကားမမောင်းပါနှင့်။
ပြည်သူလူထုအနေဖြင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို လေ့လာမှတ်သားထားကြပါရန်၊ ကိုယ်တိုင်လိုက်နာဆောင်ရွက်ခြင်း၊ မိမိပတ်၀န်းကျင်တွင်လည်း အသိပညာမျှဝေခြင်းများဖြင့် မိုးကြိုးဘေးအန္တရာယ်ကင်းဝေးရေးပါ၀င်ဆောင်ရွက်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်သတင်းရယူ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။