ဇွန်လ၊ ၇၊ နေပြည်တော်
~~~~~~~~~
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ စတင်ပေးအပ်ခြင်း၊ တစ်ကိုယ်ရည်လုံခြုံရေးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်အေးနှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ(၁)၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ ရောက်ရှိခဲ့ကြပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများအား ကူညီဆောင်ရွက်ပေးနေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများကို နေပြည်တော်ကောင်စီဥက္ကဌထံပေးအပ်ပြီး၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံသို့ ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၁၂) ဦး၊ အသက်(၅)နှစ် အောက်ကလေး(၁၄)ဦး၊ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၇)ဦးနှင့် မသန်စွမ်းသူ (၃)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် ၁,၀၈၀,၀၀ဝိ/- (ကျပ်ဆယ်သိန်းရှစ်သောင်းတိတိ)ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်ခြင်းနေရာ (Quarantine Center) သို့ရောက်ရှိကြပြီးကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီဥက္ကဌထံနှင့် စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံသို့ ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင်(၃၂)ဦး၊ အသက်(၅)နှစ်အောက်ကလေး(၂၃)ဦးနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို(၄)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့်စုစုပေါင်းငွေကျပ်(၁,၇၇၀,၀၀၀)(ကျပ်တစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းတိတိ)ကိုလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တာဝန်ရှိသူတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
ယနေ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က စေတနာ့ဝန်ထမ်း (၃၃၄) ဦးနှင့် ပရဟိတအဖွဲ့(၃၄)ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပါသည်။
ဆက်လက်ပြီးတိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် COVID-19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှားများနှင့် စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏စိစစ်မှုဖြင့် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ဆက်လက်ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။