နေပြည်တော်၊ ဇွန် ၅
~~~~~~~~
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် အာဆီယံဒေသတွင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ထူထောင်ထားသည့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဓိကဆက်သွယ်ဆောင်ရွက်နေသည့်ဌာနဖြစ်ပါသည်။ ထို့အပြင် အဆိုပါကော်မတီအောက်ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၀ပြည့်နှစ်အတွက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Online Conferencing ဖြင့် ကျင်းပပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်က အဆိုပါအစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်းနိုင်ငံများအတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရန် (၅)နှစ်လျှင် တစ်ကြိမ်ကျ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်အရ ၂၀၂၁-၂၀၂၅ အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများကိုဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၁၆-၂၀၂၀ လုပ်ငန်းအစီအစဉ်ကို အကောင်အထည်ရာတွင် ရရှိခဲ့သည့် အတွေ့အကြုံများ၊ သင်ခန်းစာဖော်ထုတ်ချက်များ၊ စိန်ခေါ်မှုများ၊ ကွာဟချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အချိန်လျာထားချက်များကို အဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်းဒါရူဆလင်၊ လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။