ဇွန် ၄၊ နေပြည်တော်
~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂)ရက်နေ့တွင် ဖုန်းဖြင့်အင်တာနက်သုံးနေစဉ် မိုးကြိုးပစ်ခြင်းကြောင့် လူ(၂)ဦးသေဆုံး၍ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး ဇွန်လ(၃)ရက်နေ့တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မိုးကြိုးပစ်မှုဖြစ်စဉ်(၁)ကြိမ်တွင် လူ(၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့ပါသည်။
အဆိုပါမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးလျှင် (၃၀၀,၀၀၀/-) (ကျပ်သုံးသိန်း)နှုန်း၊ ဒဏ်ရာရသူတစ်ဦးလျှင် (၅၀,၀၀၀/-) (ကျပ် ငါးသောင်း)နှုန်းဖြင့် စုစုပေါင်း (၂,၇၀၀,၀၀၀/-) (ကျပ်နှစ်ဆယ့်ခုနစ်သိန်း)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ သေဆုံးသူများ၏ မိသားစုများနှင့် ဒဏ်ရာရရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့်မေလအတွင်း တိုင်းဒေသကြီး/ပြည်နယ်(၁၀)ခုတွင် မိုးကြိုးဘေးကြောင့် လူ(၂၅)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ပါသည်။
ယခုအချိန်အခါသည် မုတ်သုံကာလသို့ရောက်ရှိလာပြီဖြစ်ရာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်းဖြစ်စဉ်များဖြစ်ပေါ်နိုင်ပြီး မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှုမှာလည်း ပိုမိုများပြားလာသဖြင့် ပြည်သူများအနေဖြင့် ယခုကဲ့သို့လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းများဖြစ်ပွားနေချိန်တွင်-
– ဖုန်းများကိုအသုံးမပြုသင့်ပါ။
– တီဗွီ၊ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာစသည့် လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်ပါသည်။
– သစ်ပင်၊ ဓါတ်တိုင်နှင့် သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ။
– အိမ်အပြင်ဘက်တွင် လူစုလူဝေးနှင့်ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေထိုင်သင့်ပါကြောင်းနှင့် တယ်လီဖုန်းများ အသုံးပြုမှုနှင့်ပတ်သက်၍ အထူးသတိပြုဆင်ခြင်သုံးစွဲကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။