ဇွန်လ၊ ၃ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ထမ်းများအားလုံး COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန်နည်းလမ်းများကို အပြည့်အဝလိုက်နာနိုင်ရေးနှင့် ဝန်ထမ်းများ အင်အားအပြည့် တာဝန်ထမ်းဆောင်ရွက်ရာတွင် ပုံစံသစ်ဖြင့် စနစ်တကျရှိစေရေး တို့ကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ထမ်းများအား Video Conference ဖြင့် ဆွေးနွေး ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအင်အားကို ရာခိုင်နှုန်းအပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြပြီဖြစ်ရာ နယ်အသီးသီးမှဝန်ထမ်းများလည်း COVID -19 ရောဂါနှင့် ပတ်သက်၍ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို ဝန်ထမ်းတစ်ဦးချင်းက သိရှိပြီး လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပုံစံသစ်ဖြင့် အလေ့အထဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ လိုအပ်သော ပံ့ပိုးကူညီမှုများနှင့် ကြီးကြပ်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် အများဆုံးတွေ့ဆုံ ရသည့်အတွက် ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရန် COVID -19 နှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများကို သတိမလွတ်စေဘဲ လိုက်နာကြရန်လိုပါကြောင်း၊ COVID-19 ကာလကြာမြင့် လာလေ ကျန်းမာရေးအတွက် စိုးရိမ်ရမှု၊ အလုပ်အကိုင်ပြဿနာ၊ ငွေရေးကြေးရေးအခက်အခဲ၊ မိသားစုနှင့် ခွဲခွာနေရခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်း၊ အပြစ်တင်ခံရမှုစသည့် စိတ်ဖိစီးမှုများ မြင့်မားလာနိုင်ကြောင်း၊ စိတ်ဖိစီးမှုများကို ကျော်လွှားရန်ကြိုးစားနေချိန်တွင် ညွှန်ကြားချက်များ၊ စည်းကမ်းများကိုလိုက်နာရခြင်းသည် စိတ်ဖိစီးမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သည့်အတွက် အလေ့အထဖြစ်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် စိတ်ဖိစီးမှုများကို ခံနိုင်ရည်ရရှိလာစေမည့် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နေရာဒေသ၊ ပတ်ဝန်းကျင်မတူညီသည့် အတွက် လိုအပ်ချက်များလည်း ကွဲပြားမှာဖြစ်ကြောင်း၊ တင်ပြမှုများကို ဒေသအလိုက် အကောင်းဆုံး ဖြေရှင်း ဖြည့်ဆည်းပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ ဝန်ထမ်းများက ဝန်ထမ်းအင်အား ရာခိုင်နှုန်းပြည့် တာဝန်ထမ်းဆောင်ရာတွင် COVID -19 ကာကွယ်ရေးအတွက် စီစဉ်ထားမှုများ၊ COVID -19 ဆိုင်ရာ ပညာပေးလုပ်ငန်းဆောင်ရွက်မှုများ၊ အဝတ်ဖြင့်ပြုလုပ်ထား သော မျက်နှာနှင့်နှာခေါင်းစည်း စနစ်တကျ ချုပ်နည်းသင်တန်း ဖွင့်လှစ်ရန် စီစဉ်ထားမှု၊ Quarantine နေရာများနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများရှိသည့် စစ်ဆေးရေးဂိတ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ စေတနာ့ဝန်ထမ်းလုပ်အားပေး ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နေမှုများ၊ COVID -19 နှင့်ဆက်စပ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်မှုများ၊ MCCT အစီအစဉ် ငွေကြေး ထောက်ပံ့မှုများ၊ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများတွင် ထောက်ပံ့လျက်ရှိသည့် ကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး အခက်အခဲများကို ရှင်းလင်းတင်ပြကြပါသည်။
ဆွေးနွေးတင်ပြမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ က ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ ထို့အပြင် သွားလာရန်ခက်ခဲပြီး လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများရှိ ဝန်ထမ်းများအနေဖြင့် ကူညီထောက်ပံ့မှုများ သွားရောက် ဆောင်ရွက်ရာတွင် လုံခြုံရေးအခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက် ကြရန်လည်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#hl1
#npw_jun