ဇွန်လ ၂ ၊ နေပြည်တော်
~~~~~~~
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေးကို (၂-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Zoom Video Conferencing System ဖြင့် Online Meeting ပြုလုပ်ကျင်းပရာ UEHRD ကော်မတီဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက UEHRD ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးခြင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ Task Force များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ၏ လုပ်ငန်းစီမံကိန်းများမှာ ကျယ်ပြန့်သည့်အလျောက် ရခိုင်ပြည်ဆိုင်ရာတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဖွဲ့စည်းထားသည့်ဗဟိုကော်မတီများ၊ လုပ်ငန်းကော်မတီများ၏လုပ်ငန်းများနှင့်ပတ်သက်ဆက်နွယ်နေပါကြောင်း၊ UEHRD ၏လုပ်ငန်းများကို အထောက်အကူပေးနိုင်ရေးအတွက် ဖွဲ့စည်းထားသည့်ကော်မတီရုံးအဖွဲ့၏အသုံးစရိတ်များ၊ ပြည်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများအတွက် သုံးစွဲခဲ့သည့်အသုံးစရိတ်များကို ပြည်တွင်း/ပြည်ပအလှူရှင်များ၏လှူဒါန်းထောက်ပံ့ငွေများဖြင့် ဆောင်ရွက်နေသည့်အတွက် UEHRD ကော်မတီ၏ရန်ပုံငွေများကိုစနစ်တကျသုံးစွဲရေး၊ပြည်တွင်း၊ ပြည်ပစာရင်းစစ်ဆေးမှုအဆင့် စာရင်းစစ်ခံနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ UEHRD ၏လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်သူများရင်ဆိုင်နေရာသော COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် အစရှိသည့် အကန့်အသတ်များကြားမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ၏လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် UEHRD ကော်မတီအနေဖြင့် လုပ်ငန်းအဖွဲ့ Task Forces များနှင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ COVID-19 ကာလနှင့် COVID-19 အလွန်ကာလများတွင် ရင်ဆိုင်ကျော်လွှားရမည့် စီးပွားရေးဆိုင်ရာ ကုစားမှုများကို စနစ်အကျအကောင်အထည်ဖော်ခြင်း၊ ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်းများဖြင့် UEHRD ၏ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်မှုလျော့နည်းသက်သာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် UEHRD ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က UEHRD ၏ရန်ပုံငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့်ကော်မတီဝင်အသီးသီးက ဆွေးနွေးရာတွင် မိုးရာသီကာလသဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ဒေသဆိုင်ရာလုံခြုံရေး၊ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်များပိတ်သိမ်းရေးဆိုင်ရာ ရှေ့ပြေးစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ UEHRD ၏ လုပ်ငန်းစဉ်များကို ပြည်တွင်း/ ပြည်ပက ပွင့်လင်းမြင်သာစွာ အမှန်အတိုင်းသိရှိနိုင်ရေး၊ UEHRD ၏ သတင်းနှင့် ဆက်သွယ်ရေးကဏ္ဍစွမ်းဆောင်ရည်ပိုမိုတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ရှိ လက်ရှိဆောင်ရွက်လျက်ရှိသော စီမံချက်များအပြင် COVID-19 ကာလCOVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP)နှင့် လိုက်လျောညီထွေရှိသော လုပ်ငန်းရှင်များပါဝင်နိုင်မည့်အစီအစဉ်များ ဖော်ဆောင်ရေးတို့ကို အကြံပြုဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဇော်သန်းသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး UEHRDကော်မတီ၏ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ကော်မတီဥက္ကဌ၏အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာဦးကျော်မြိုင်နှင့် UEHRD ၏ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေးတို့က Online မှတဆင့် အသီးသီးဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။