တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိမှုသတင်း

ဇွန်လ ၁ ရက်၊ နေပြည်တော်
 မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း များဖြစ်ပွားလျက်ရှိရာ (၃၀-၅-၂၀၂၀)ရက်နေ့နှင့် (၃၁-၅-၂၀၂၀)ရက်နေ့တို့တွင်
 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ အောင်လံ၊ ပေါက်၊ ရေနံချောင်း၊ မကွေးမြို့နယ်တို့၌ နေအိမ်(၃)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၆၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ နေအိမ်(၁)လုံးအမိုးအကာလန် ပျက်စီးခြင်း၊
 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ဝက်လက်နှင့် မြောင်မြို့နယ်တို့၌ နေအိမ်(၁)လုံးပြိုကျ ပျက်စီးပြီး နေအိမ်(၄)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းနှင့် မြင်းခြံမြို့နယ်တို့၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၂)လုံးအမိုးအကာလန်ပျက်စီးခြင်း၊
 ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၌နေအိမ်(၁၃)လုံးပြိုကျပျက်စီးပြီး နေအိမ်(၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံးအမိုးအကာလန်ပျက်စီးခြင်း၊
 ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ၊ ကြံခင်းနှင့် အင်္ဂပူမြို့နယ်တို့၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၈)လုံးအမိုးအကာလန်ပျက်စီးခြင်း၊
 (၉-၄-၂၀၂၀)ရက်နေ့မှ (၁-၆-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ်(၉၈၇)လုံးနှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ပြိုကျ ပျက်စီးခြင်း၊ နေအိမ်(၁၃၁၂၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂၄၇)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၁၀)ဦးသေဆုံးပြီး လူ(၂၈)ဦးဒဏ်ရာရရှိခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူထောက်ပံ့ခြင်းများအတွက် စုစုပေါင်းကျပ်(၇၆၁.၁)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါ သည်။
 ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။

#ha_sgw
#npw_jun2020

Source: MSWRR

Sign Up

Upcoming Events