ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID-19 ကာလ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရွက်ရာတွင် ပုံစံသစ်ဖြင့် အလေ့အထဖြစ်အောင် ကြိုးစားဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

~~~~~~
Source: MOSWRR
~~~~~~
ဇွန်လ ၁ ရက်၊ နေပြည်တော်
~~~~~~
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန်နည်းလမ်းများကို အပြည့်အဝလိုက်နာနိုင်ရေးနှင့် တာဝန်များ ကျေပွန်အောင်ဆောင်ရွက်နိုင်ရေးတို့ကို (၁-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ထမ်းများအား Video Conference ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
 
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ယနေ့မှစ၍ ဝန်ထမ်းအင်အားကို ရာခိုင်နှုန်းအပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြပြီဖြစ်ရာ COVID-19 ရောဂါနှင့်ပတ်သက်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို ဝန်ထမ်းတစ်ဦးချင်းက သိရှိပြီးလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့တစ်ဦးချင်းက စည်းကမ်းလိုက်နာပါက မိမိအတွက်သာမက မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း၊ လက်သန့်ဆေးရည်ဘူးများကို ဝန်ထမ်းတိုင်းရရှိအသုံးပြုနိုင်စေရန် ညှိနှိုင်းဖြည့်ဆည်းပေးထားကြောင်း၊ ဌာနတစ်ခုချင်းစီအလိုက် လက်ဆေးရန်နေရာများ တိုးချဲ့ထားရှိကြောင်း၊ လက်သန့်ဆေးရည်များ ပြန်လည်ဖြည့်ထည့်အသုံးပြုနိုင်ရန်လည်း စီမံထားရှိကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်သတ်မှတ်စည်းကမ်းနှင့်အညီခပ်ခွာခွာနေကြရန်သတိရှိဖို့လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် COVID-19 ကာလအတွင်း ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို မဖြစ်မနေအပြည့်အဝလိုက်နာရမည်ဖြစ်သောကြောင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ထိုထားမြစ်ကန့်သတ်ချက်များကို အလေ့အထဖြစ်အောင် ကြိုးစားခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့နည်းလာမည်ဖြစ်ကြောင်း၊ အခက်အခဲများကြားမှ ကြိုးစားဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံ၏ COVID–19 ရောဂါပြည်တွင်းပြန့်နှံ့ကူးစက်မှုအနေဖြင့် အခြေအနေတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အနေအထားတွင်ရှိကြောင်း၊ သို့သော်လည်း လုံးဝအန္တရာယ်ကင်းရှင်းပြီဟုမဆိုနိုင်သေးကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထံမှ ရောဂါများပါလာဆဲဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်သူများက တစ်ဦးချင်းတာဝန်ယူ၍ ကူးစက်မှုကို ဆက်လက်ထိန်းချုပ်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတိမလွတ်ကြဘဲ လုပ်ငန်းတာဝန်များထမ်းဆောင်ကြမှသာ မိမိတို့ကစ၍ COVID–19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဤကိစ္စကို တစ်ဦးချင်းအထူးအလေးထားမှသာ နိုင်ငံတော်ကအဘက်ဘက်မှ ချင့်ချိန်၍ ဖြေလျှော့ပေးခြင်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းအင်အားအပြည့် တာဝန်ထမ်းဆောင်ချိန်တွင် ဝန်ထမ်းများထံမှ ကောက်ယူထားသော အကြံပြုချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးထားပါကြောင်း ပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ထမ်းများသည်လည်း ပြည်သူထဲကပြည်သူများဖြစ်သည့်အတွက် COVID–19နှင့်ပတ်သက်၍ ပြည်သူများလိုက်နာရန် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာဌာနကြီးကြပ်သူများက မိမိတို့ဝန်ထမ်းများအား အသိပညာပေးမှုများကို မကြာခဏပြောကြားပေးစေလိုကြောင်း၊ ဝန်ထမ်းကြို/ပို့ယာဉ်များပေါ်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ထားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အဓိကသတင်းစကား (၁၀)ချက်နှင့် ထုတ်ပြန်ပေးနေသော သိကောင်းစရာများကို ဌာနအသီးသီးရှိအခန်းတိုင်းတွင် ထပ်ခါထပ်ခါ အသိပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ရှိ ညွှန်ကြားရေးမှူးချုပ်များကဌာနအလိုက် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
 
ယင်းနောက် ဝန်ထမ်းများကအခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက COVID–19 ကာလတွင် ဝန်ထမ်းများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား၍ အဆိုးထဲကအကောင်းများကို ရှာဖွေကာပုံစံသစ်ဖြင့် အလေ့အထဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် လိုအပ်သောကြီးကြပ်မှုများ၊ ပံ့ပိုးကူညီမှုများပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events