မေ ၃၁၊ နေပြည်တော်
မြန်မာနိုင်ငံသည် အဓိကပြတ်ရွေ့ကြောကြီးတစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသော ငလျင်ပြတ်ရွေ့ကြောငယ်များတည်ရှိနေသည့်အတွက်ငလျင်ဘေးအန္တရာယ်ကြီးမားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိသေးဘဲ နေ့၊ ည အချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ငလျင်၏ သဘောသဘာဝများ၊ ငလျင်ကြောင့်အသက်အန္တရာယ်ကင်းရှင်းရေးအတွက်နေထိုင်ပြုမူရမည့်အသိပညာ၊ ဗဟုသုတများကိုလေ့လာသိရှိထားရန်နှင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုအပ်ပါသည်-
- ငလျင်မလှုပ်မီသိရှိဆောင်ရွက်ထားရန်အချက်များ
- အခန်းတိုင်းတွင် လုံခြုံသောနေရာကို သိရှိထားရမည်။ ခိုင်ခံ့သောစားပွဲခုံအောက်၊ ကုတင်အောက်၊ အခန်း၏ထောင့် နေရာများ၊ အတွင်းနံရံ (သို့မဟုတ်) တိုင်နှင့်ကပ်လျက်နေရာ၊ တံခါးဘောင်အောက် စသည်ဖြင့် ကြိုတင်လေ့လာရွေးချယ်ထားသင့်ပြီး အဆိုပါ လုံခြုံမှုရှိနိုင် သော နေရာများသို့ ဝင်ရန်၊ အကာအကွယ်ယူရန်လေ့ကျင့်ထားပါ။
- အဆောက်အအုံများအတွင်း ပြတင်းပေါက်များ၊ မှန်များ၊ တွဲလောင်းချိတ်ထားသောပစ္စည်းများ၊ မြင့်သော/ယိုင်လဲနိုင်သော ပရိဘောဂများ၊ ပစ္စည်းများစွာတင်ထားသော စင်များ စသည့် အန္တရာယ်ရှိနိုင်သော နေရာများကို သိရှိထားပါ။
- အဆောက်အအုံအတွင်းမှ ထွက်ပြေးရန်လမ်းကြောင်းများ၊ အရန်လမ်းကြောင်းများ၊ အရေးပေါ် ထွက်ပေါက်များကို ကြိုတင်လေ့လာသိရှိထားပါ။
- လျှပ်စစ်မိန်းခလုတ်ချခြင်း၊ ဓါတ်ငွေ့အိုးများ/ပိုက်များ ပိတ်ခြင်းတို့ကို စမ်းသပ်လေ့ကျင့်ထားပါ။
- လေးလံသည့် ဘီရိုကြီးများ၊ အခြားပရိဘောဂများကို ယိုင်လဲပြီး ထိခိုက်မှု မဖြစ်စေရန် နံရံများနှင့်တွဲကပ်ထားပါ။ ကြီးမားလေးလံသည့်ပစ္စည်းများ၊ ကွဲတတ်သောပစ္စည်းများကို အနိမ့် ပိုင်းတွင်ထားရှိခြင်းဖြင့် ပြုတ်ကျခြင်း၊ ထိခိုက်နိုင်ခြင်းတို့မှကာကွယ်ပါ။ ပန်းချီကားကြီး များ၊ ကြည့်မှန်ကြီးများ စသည့် လေးလံသည့်ပစ္စည်းများကို အိပ်ယာ၊ ခုံတန်းရှည် စသည့် လူနေထိုင် လဲလျောင်းရာနေရာတို့နှင့် ဝေးရာတွင် ချိတ်ပါ။
- အရေးကြီးစာရွက်စာတမ်းများ၊ အရေးပေါ်အစားအစာ၊ သောက်ရေ၊ ဓါတ်မီး၊ ဓါတ်ခဲ၊ ရေဒီယို၊ ရှေးဦးသူနာပြုပစ္စည်းများ၊ ဆေးဝါး စသည့် အရေးပေါ်သုံးပစ္စည်းများ ကြိုတင်စုစည်း၍ အဆင့်သင့်ထားရှိပါ။
- ငလျင်လှုပ်နေစဉ်ဆောင်ရွက်ရန်အချက်များ
- ကြောက်ရွံ့ထိတ်လန့်မှုမဖြစ်ပါနှင့်၊ သတိရှိပါ၊ တည်ငြိမ်မှုရှိပါ။
- အဆောက်အအုံထဲတွင်ရှိနေပါက အထဲတွင်သာနေပါ။ အပြင်တွင်ရောက်ရှိနေပါက အပြင်တွင် သာဆက်၍နေပါ။ ထိခိုက်မှုအများစုသည် ငလျင်လှုပ်စဉ် အဆောက်အအုံအတွင်းမှ ထွက်ပြေး ခြင်း၊ အတွင်းသို့ပြေးဝင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
- ငလျင်လှုပ်ခတ်ပါက လဲကျသွားနိုင်သည့်အန္တရာယ်မှ ကာကွယ်ရန် ထိုင်ချပါ။ ဦးခေါင်းကို ဦးစားပေး အကာအကွယ်ယူပါ။အခိုင်အမာဆုံးနေရာကိုမြဲမြံစွာကိုင်ထားပါ။
- မီးဖိုအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးခလုတ်များပိတ်ပါ။ မီးတောက်ကိုငြိှမ်းပါ။
- အဆောက်အအုံမှ ထွက်ခွာရမည်ဆိုပါက စနစ်တကျထွက်ခွာပါ။ အလောတကြီး ပြေးထွက် ခြင်းသည် ပို၍ အန္တရာယ်များနိုင်သည်။ ဓါတ်လှေခါးများအသုံးမပြုပါနှင့်။ ရိုးရိုးလှေခါးမှ ဆင်းပါ။ အထပ်မြင့်အဆောက်အအုံများမှ ခုန်မချပါနှင့်။
- အဆောက်အအုံပြင်ပတွင် ဖြစ်နေပါက အဆောက်အအုံများ၊ သစ်ပင်များ၊ ဆိုင်ဘုတ်များ၊ ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ၊ တံတားများ၊ တောင်စောင်းများ၊ မြစ်ကမ်းများအနီးမှ ရှောင်ရှား နေထိုင်နေပါ။ ကွင်းပြင်များတွင်နေပါ။
- ဆိုင်ကယ်၊ ကားမောင်းနေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။
- ပင်လယ်ကမ်းစပ်များတွင်နေထိုင်သူများအနေဖြင့် ဆူနာမီအန္တရာယ်ကို သတိပြုပါ။
- ငလျင်လှုပ်ပြီးနောက်ဆောင်ရွက်ရန်အချက်များ
- မိမိတို့နေထိုင်ရာ အိုးအိမ်၊ အဆောက်အအုံများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်း ရှိ/မရှိ၊ ယိုင်နဲ့ခြင်းရှိ/မရှိ စစ်ဆေးပါ။ ထိုသို့ဖြစ်ပေါ်နေပါက ထိုနေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။
- လျှပ်စစ်မီးကြိုးများကိုစစ်ဆေးပါ။ ပြုတ်ကျ/ပြတ်ကျနေသော လျှပ်စစ်မီးကြိုးများကို မကိုင် ပါနှင့်၊ သက်ဆိုင်ရာသို့ သတင်းပို့ပါ။
- ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့်ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်း ပတ်ပိုင်းမှသည် လပိုင်းအထိဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ချိနဲ့သွားသော တိုက်တာ အဆောက်အအုံများ၊ လမ်း၊ တံတားများသည် နောက်ဆက်တွဲမြေငလျင်များကြောင့် ထပ်မံပျက်စီး၊ ပြိုကျတတ်ကြောင်း သတိပြုပါ။
- မီးလောင်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ရေလွှမ်းခြင်း၊ တောင်ပြို၊မြေပြိုခြင်း၊ ဆူနာမီ ရေလှိုင်းများရိုက်ခတ်ခြင်းများ စသည့် နောက်ဆက်တွဲအန္တရာယ်များကို သတိပြုပါ။
၃။ ပြည်သူလူထုအနေဖြင့် ကြိုတင်မသိရှိနိုင်ဘဲ အချိန်မရွေးလှုပ်ခတ်နိုင်သည့် ငလျင်ဘေးအန္တရာယ် နှင့်ပတ်သက်၍ အချိန်တိုင်းတွင် ဂရုပြုနေထိုင်ကြပါရန်၊ ပြည်သူအထိတ်တလန့်ဖြစ်စေမည့် ကောလာ ဟလ သတင်းများကို ဖြန့်ဝေခြင်းမပြုကြပါရန်၊ မယုံကြည်ပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ် ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် သတင်းရယူ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
#ar_eqk
#ayy_Jun2020
Source: MOSWRR
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန