COVID -19 ကာလအတွင်း နေရပ်ပြန်နှင့် ကျေးလက်ဒေသနေ အမျိုးသမီးများအား ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများ  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက  ညှိနှိုင်းဆွေးနွေး

COVID-19 ကာလအတွင်း နေရပ်ပြန်နှင့်ကျေးလက်ဒေသနေ အမျိုးသမီးများအား ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အမျိုးသမီးအရေး တက်ကြွစွာဆောင်ရွက်ပေးနေကြသည့် ကော်မတီဝင်အမျိုးသမီးအဖွဲ့အစည်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင် Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို ကျေးပွန်အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထိခိုက်လွယ်အုပ်စုများတွင်ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ တိုက်ပွဲရှောင်နှင့် IDP စခန်းနေသူများအတွက်လည်း စီမံချက်များဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် ၂၀၂၀ပြည့်နှစ်သည် ပေကျင်းကြေငြာစာတမ်း (၂၅)နှစ်ပြည့်မြောက်သောနှစ်ဖြစ်ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို စွမ်းစွမ်းတမံအရှိန်အဟုန်မြှင့် ဆောင်ရွက်ကြမည့်နှစ်ဖြစ်ကြောင်း၊ သို့သော်လည်း ကမ္ဘာ့တစ်လွှားဖြစ်ပွားနေသော COVID -19 ရောဂါကြောင့် အမျိုးသမီးကဏ္ဍတွင်ရရှိပြီး တိုးတက်မှုများ ရုတ်လျော့မသွားအောင် COVID-19 ဖြစ်စဉ်နှင့်ယှဉ်တွဲ၍ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ COVID-19 ၏ သက်ရောက်မှုနှင့်ပတ်သက်၍ အဆိုးထဲမှအကောင်းများကို ဖော်ထုတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများသည် အိမ်ထောင်စုများတွင် အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို ကုစားရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ကော်မတီတွင် ဌာနဆိုင်ရာများအပြင် အမျိုးသမီးအဖွဲ့ (၁၁) ဖွဲ့ရှိလာပြီဖြစ်ပြီး အဖွဲ့အသီးသီးက စီးပွားရေးဆိုင်ရာကဏ္ဍတွင် အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရေးကို ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ COVID -19 ကာလအတွင်း မိမိတို့နိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်သွားသူ (၂) သိန်းကျော်ရှိသည်ဟု သိရှိရကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသည့် သူများအထဲတွင် ပြန်လည်ထွက်ခွာခြင်းမပြုတော့မည့် အမျိုးသမီးများလည်းရှိကြောင်း၊ နေရပ်သို့ပြန်လည်ဝင်လာသည့် အမျိုးသမီးများထဲတွင် သူတို့၏ကျွမ်းကျင်မှုအလိုက် အရည်အချင်းများပါလာမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် အဆိုပါအမျိုးသမီးများအတွက် သင့်လျော်သောအလုပ်အကိုင် အခွင့်အလမ်းများ စဉ်းစားဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့နိုင်ငံရှိ ကျေးလက်ဒေသနေအမျိုးသမီးများ၊ မြို့ပေါ်တွင်နေ၍ လှုပ်ရှားရုန်းကန်နေကြသည့် အမျိုးသမီးများအတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစိုးရကကူညီနိုင်မည့် အကောင်းဆုံးအစီအစဉ်များကို စိစစ်လျက်ရှိပါကြောင်း၊ ဤကာလတွင် အခက်အခဲများကိုဖြေရှင်းနိုင်ရန် ငွေကြေးထောက်ပံ့ခြင်း၊ အလုပ်အကိုင်ဖော်ဆောင်ရန် ငွေကြေးအရင်းအနှီးစိုက်ထုတ်ပေးခြင်း၊ ရင်းနှီးငွေထုတ်ချေးပေးခြင်း စသည့်နည်းလမ်းတစ်မျိုးမျိုးကို ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ထို့ကြောင့် COVID -19 ကာလအတွင်း အဆိုပါအမျိုးသမီးများအတွက် ဆောင်ရွက်ပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းများ၊ သုံးစွဲသည့်ငွေကြေးများ အကျိုးရှိစွာလည်ပတ်နိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးပေးရန် ယနေ့အစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ကျား၊ မ,ရေးရာတန်းတူ ညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်း ဆောင်ရွက်မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ ဝိသာခါဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် စသည့်အဖွဲ့များမှ တာဝန်ရှိသူများက အသီးသီးဆွေးနွေးကြရာ နေရပ်ပြန်နှင့်ကျေးလက်ဒေသနေ အမျိုးသမီးများအား အစိုးရနှင့်အတူပူးပေါင်း၍ ကူညီဆောင်ရွက်ပေးရန် အသင့်ရှိသည့်အခြေအနေများ၊ လတ်တလော၊ ရေတိုအလျင်အမြန် ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများ၊ ဆက်လက်အကောင်အထည်ဖော်နိုင်မည့် ရေရှည်စီစဉ်ဆောင်ရွက်ပေးနိုင်ရေးကိစ္စများ၊ ဒေသအလိုက် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ဖန်တီး ပံ့ပိုးကူညီပေးနိုင်ရေးနည်းလမ်းများ၊ အသက်မွေးဝမ်း‌ကျောင်းသင်တန်းများပေး၍ ရင်းနှီးစိုက်ထုတ် ပေးနိုင်မည့် နည်းလမ်းများ၊  ရှေးပြေးစီမံကိန်းဒေသများသတ်မှတ်၍ ဆောင်ရွက်နိုင်မည့်အစီအစဉ်များ၊ လက်ရှိဆောင်ရွက်နေသည့် စီမံချက်အတွေ့အကြုံများ၊ ဈေးကွက်ရှာဖွေပေးရေးကိစ္စများ၊ လိုအပ်သော စစ်တမ်းများကောက်ယူနိုင်ရေးကိစ္စများ၊ COVID -19  ကာလအလွန် စဉ်းစားဆောင်ရွက်ရမည့် ကိစ္စများကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင်အဖွဲ့များအနေဖြင့် ဆောင်ရွက်စေလိုသည့်စီမံချက်များကို ရေးဆွဲအကြံပြု၍ဝန်ကြီးဌာနသို့ ပေးပို့နိုင်ရေးတိုက်တွန်းခဲ့ပါသည်။  အစိုးရက ရေးဆွဲဆောင်ရွက်လျက်ရှိသည့် COVID -19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID -19 Economic Relief Plan) အရ ငွေကြေးပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များက အစိုးရနှင့်အတူ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#hl_1

#npw_may2020

Source:           MSWRR

——————————-

မေလ၊ ၂၉၊ နေပြည်တော်

Sign Up

Upcoming Events