မေ ၂၈ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် အဖွဲ့အား ယမန်နေ့ နေ့လယ်ပိုင်း၌ အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် Video conference ဖြင့် ချိတ်ဆက်ဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ တိုက်ပွဲရှောင်ပြည်သူများ၊ မသန်စွမ်းသူများအပါအဝင် မည်သူတစ်ဦး တစ်ယောက်မျှ ကျန်ရစ်မှုမရှိစေရန် စီစဉ်ဆောင်ရွက်နေမှုများ၊ IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် လိုအပ်သော လူသားချင်းစာနာမှုအကူအညီများနှင့် COVID-19 ကာကွယ်တုံ့ပြန်ရေး ဆိုင်ရာပစ္စည်းများ စီစဉ်ဆောင်ရွက် ပေးနေမှုများ၊ စိတ်လူမှု ပံ့ပိုးမှုပေးခြင်း၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများသတင်းပို့ခြင်းနှင့် လိုအပ်သည့် ဝန်ဆောင်မှုတို့ကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်း စသည့် လူမှုရေးဝန်ဆောင်မှုများကို ဆောင်ရွက်နေမှုများ၊ COVID-19 ကာလအတွင်း ထိခိုက်လွယ် အုပ်စုများအနေဖြင့် ကြံ့ကြံ့ခံနိုင်မှုမြင့်မားစေရန် လူမှုကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ ICRC ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် WFP စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားလာရခက်ခဲသည့်ဒေသများရှိ ပြည်သူများ၊ တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာ၊ လူသားချင်းစာနာမှုအကူအညီနှင့် COVID-19 ဆိုင်ရာ အရေးပေါ်ပစ္စည်းများ ထောက်ပံ့ပေးအပ် ဆောင်ရွက်နေမှုများ၊ လူမှုကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့ပေးခြင်း လုပ်ငန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုသည့်နေရာများတွင်ပါ ဆောင်ရွက်နိုင်ရန် “ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” နှင့် ညှိနှိုင်းဆောင်ရွက် နေမှုများ၊ IDP စခန်းများကို ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ ပိတ်သိမ်း နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မိုင်း အန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (Mine Action Authority ) ဖွဲ့စည်းနိုင်ရေးများနှင့် အဆိုပါ လုပ်ငန်းစဉ်များတွင် နော်ဝေနိုင်ငံအစိုးရမှ ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ Online ဖြင့်ချိတ်ဆက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may2020
Source: MOSWRR