၂၅ မေ၊ နေပြည်တော်
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ Quarantine Center များနှင့် COVID-19 ဆိုင်ရာလုပ်ငန်း စဉ်များတွင် စေတနာ့ဝန်ထမ်းများ ကူညီဆောင်ရွက်ပေးရာ၌ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့ ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ Quarantine Center များနှင့် COVID-19 ဆိုင်ရာ လုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထိုစေတနာ့ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့် သင်တန်းများပို့ချခြင်း၊ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ် များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ စေတနာ့ဝန်ထမ်းတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့် ပေးအပ်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ ကူညီဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် အတွက် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ အဆင်ပြေစေရန်နှင့် စနစ်တကျအနားယူနိုင်ရန်လိုအပ်ကြောင်း၊ ဒေသအလိုက်မြေပြင်၌ လက်တွေ့အခြေအနေတွင် လိုအပ်ချက်များ အခက်အခဲများကိုလည်း သိရှိရန်လိုအပ်ကြောင်း၊ သို့မှသာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ ရည်မှန်းချက်များနှင့်အညီ ညှိနှိုင်းပံ့ပိုး ကူညီဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း၊ ထိရောက်သော လုပ်ငန်းအကောင်အထည်ဖော်မှုများ အချိန်နှင့်တပြေးညီ လက်တွေ့ဖြစ်ပေါ်လာစေရန် အရေးကြီးကြောင်း၊ ထို့ကြောင့် အတွင်းရေးမှူးရုံးအဖွဲ့က လိုအပ်ချက်များ လေ့လာဆန်းစစ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံး အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2020
Source: MOSWRR