စိတ်ဖိစီးမှုသည် ဘဝတွင် ကြုံတွေ့ရတတ်သည့် သာမန်ဖြစ်ရိုးဖြစ်စဉ် ခံစားမှုတစ်ခုဖြစ် သော်လည်း စိတ်ဖိစီးမှုဆိုင်ရာ အခြေခံအချက်များကိုသိရှိပြီး ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်သည်။ စိတ်ဖိစီးမှုသည် ထိုဖြေရှင်းနိုင်စွမ်းကိုကျော်လွန်ခြင်း (သို့မဟုတ်) ပြင်းထန်များပြားလာခြင်းများ ရှိသည့်အခါ စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။
စိတ်ဖိစီးမှု လက္ခဏာများမှာ အိပ်စက်မှုပြဿနာရှိခြင်း၊အလွန်တက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်/အူလမ်းကြောင်း ပြဿနာရှိခြင်း၊ ခေါင်းကိုက်ခြင်း/ ကိုယ်လက်ကိုက်ခဲခြင်း၊ ဒေသထွက်ခြင်း၊ ကြောက်လန့်တုန်လှုပ်ခြင်း၊ ပူဆွေးသောကရောက်ခြင်း၊ ဝမ်းနည်းခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာရှိခြင်း၊ မကောင်းတွေးခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း၊ပျင်းရိခြင်း၊အထီးကျန်ခြင်း၊ အခြားသူများကို အပြစ်တင်ခြင်း၊ လုပ်ဆောင်နိုင်စွမ်းကျဆင်းလာခြင်း တို့ခံစားရတို့ဖြစ်ပါသည်။
ထိုခံစားရမှုများကို မှန်ကန်သော နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းမှုမပြုပါက ဆိုးရွားသော စိတ်မောပန်းကျဆင်းသည့်အဆင့်သို့ရောက်ရှိသွားပြီး ပြဿနာများကို ဆက်လက်ရင်ဆိုင် ဖြေရှင်း နိုင်စွမ်းလုံးဝမရှိတော့ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပြီး ရေရှည်တွင် လူမှုစီးပွား အခက်အခဲများကို ရင်ဆိုင်လာရမည်ဖြစ်သည်။ ထိုအဆင့်သို့မရောက်မီ စိတ်ဓါတ်ရေးရာ မြှင့်တင် ပေးမှု ကိုခံယူရန်လိုအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)