လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးအား ကမ္ဘောဇဘဏ်လီမိတက်မှလာရောက်တွေ့ဆုံခြင်း

၁။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ကမ္ဘောဇဘဏ်လီမိတက်မှ တာ၀န်ရှိသူများနှင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ဝန်ကြီး၏အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။      ကမ္ဘောဇဘဏ်လီမိတက်မှ ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများအတွက် လစာငွေကို အလိုအလျောက်ငွေထုတ်ကဒ် (ATM Card) ဖြင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအ‌နေများ၊ ရန်ပုံငွေ တိုးပွားရေးဆိုင်ရာ စုဆောင်းထားရှိနိုင်မှုစနစ်များ၊ တိုင်းဒေသကြီး/ပြည်နယ်/ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များသို့ ထောက်ပံ့ပေးနေမှု အခြေအနေများ၊ ထပ်မံထောက်ပံ့ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။     ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်း များ၏ လစာငွေထုတ်ပေးမှုကို နိုင်ငံတကာအဆင့်မီ နည်းစနစ်များဖြင့် ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာမှုအတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ ရန်ပုံငွေတိုးပွားရေးကိစ္စများကိုလည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ကမ္ဘောဇဘဏ်အနေဖြင့် ပူးပေါင်းပါဝင် ကူညီနိုင် သည့် လုပ်ငန်းကိစ္စများရှိပါက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events