လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ မေ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ အထူးသဖြင့် COVID-19 ကာလ အတွင်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲတို့ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ UNICEF (မြန်မာ)၊ TDHL ၊ Kinnected Myanmar ၊ World Vision (မြန်မာ) မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းပေါ်နေကလေးများသာမက အမျိုးသမီး များ၊ သက်ကြီးရွယ်အိုများအတွက်ပါ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပေါ်နေကလေးများ နှင့် ပတ်သက်၍ ရက် (၁၀၀) စီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ လူဦးရေ ထူထပ်သည့် ရန်ကုန်နှင့် မန္တလေးတို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် COVID-19 ကပ်ရောဂါကာလတွင် လမ်းပေါ်နေကလေးများအတွက် ပညာပေးခြင်းနှင့် လိုအပ်သည်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းစီမံချက်ရေးဆွဲချမှတ်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း စီမံချက်ရေးဆွဲ ရာတွင် လက်ရှိ COVID-19 ကာလအတွက်သာမက COVID-19 အလွန်အတွက်ပါ ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက (၂၁.၁၀.၂၀၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အစည်းအဝေးနှင့် (၉.၁.၂၀၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယ အကြိမ် အစည်းအဝေးတို့တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ COVID-19 ကာလအတွင်း လမ်းပေါ်နေ ကလေးများနှင့် မိသားစုများအတွက် စားဝတ်နေရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစာအဟာရ လုံလောက်စွာရရှိရေး၊ COVID-19 အသိပညာပေးအစီအစဉ်တို့ကို သိရှိနားလည်နိုင် ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့ပေးနိုင်ရေး၊ ယာယီထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ COVID-19 ကာကွယ်နိုင်ရန် Mask ၊ Hand Gel တို့ကို စနစ်တကျ အသုံးပြုနိုင်ရေး၊ ရေရှည်ကူညီဆောင်ရွက်နိုင်မှုကို အထောက်အကူပြုစေမည့် စစ်တမ်းကောက်ယူ ရေး၊ စစ်တမ်းနှင့်အညီ ရေရှည်အကျိုးပြုစေမည့် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

#hl2_otr
#npw_may2020

Source: MSWRR

Sign Up

Upcoming Events