အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

၁၈-၅-၂၀၂၀
 မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၈-၅-၂၀၂၀)နေ့(၁၄:၀၀)အချိန် ထုတ်ပြန်သည့် စူပါဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ် (၁၄/၂၀၂၀)အရ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ လေ့လာဆန်းစစ်တွေ့ရှိချက်များအရလည်းကောင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင်ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိဘဲ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။
 အဆိုပါ အဖျက်စွမ်းအားကြီးမားသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်ဖွယ်မရှိသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် (၁၈-၅-၂၀၂၀)နေ့မှ (၂၁-၅-၂၀၂၀၂၀)နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊ ခန့်မှန်း(၂၀-၅-၂၀၂၀)နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ကန့်ဘလူမြို့တို့နှင့် မကွေးတိုင်းဒေသကြီး (အထက်ပိုင်း) ပခုက္ကူ၊ ဆော၊ ဂန့်ဂေါ၊ ပေါက်၊ ထီးလင်း၊ ကျောက်ထု၊ ချောက်၊ မြိုင်နှင့် ရေစကြို မြို့နယ်များတွင် တစ်နာရီလေတိုက်နှုန်း(၃၀-၃၅)မိုင်နှုန်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ် များနှင့် ချင်းပြည်နယ် ဖလမ်းနှင့် တီးတိန်မြို့တို့တွင် တစ်နာရီလေတိုက်နှုန်း(၄၀-၄၅)မိုင်နှုန်း ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့တို့တွင် တစ်နာရီလေတိုက် နှုန်း(၅၀-၆၀)မိုင်နှုန်းဖြင့်လည်းကောင်း တိုက်ခတ်နိုင်ကြောင်း လေ့လာခန့်မှန်းလျက်ရှိပါသည်။
 ယခင် ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ရေကြီး၊ မြေပြိုမှုများ လည်း ရှိခဲ့ကာ လူ(၃၅)ဦးသေဆုံး၊ (၁၀)ဦး ပျောက်ဆုံးခဲ့သည့်အပြင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုနှင့် ချောင်းရေတွင်မျောပါမှုကြောင့် သေဆုံးသူ (၉)ဦးနှင့် ပျောက်ဆုံးသူ (၃)ဦး ရှိခဲ့ပါသည်။
 ထို့အပြင် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ၊ မောင်တောမြို့နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2B မုန်တိုင်း၏ အရှိန်ကြောင့် ကုန်းတွင်းပိုင်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ မြိုင်မြို့နယ် တို့ရှိ ယောချောင်း၊ ရွှေချောင်းနှင့် အခြားသဲချောင်းများ၌ ချောင်းရေများ အဆမတန်ကျဆင်း လာခဲ့ရာမှ လျှပ်တပြက်ရေကြီးခြင်းဖြစ်ပွားခဲ့ပြီး နံနက်(၄)နာရီအချိန်ခန့်တွင် ရုတ်တရက် ဖြစ်ပေါ် ခြင်းလည်းဖြစ်သဖြင့် ရှောင်တိမ်းချိန်မရခြင်းနှင့် ချောင်းဧရိယာအတွင်း သဲသောင်များ၌ စိုက်ပျိုးရေးလုပ်ကိုင်ပြီး ယာယီ နေထိုင်ကြသူများလည်းရှိသဖြင့် သေဆုံးသူ(၄၆)ဦး၊ ပျောက်ဆုံး သူ(၁၁၅)ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုကြီးမားခဲ့ပါသည်။
 မုန်တိုင်းကြောင့်မဟုတ်သော်လည်း ၂၀၁၈ ခုနှစ် ရေဘေးကာလအတွင်း၊ ဩဂုတ်လတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အချိန်တိုအတွင်း မိုးရေချိန်များစွာရွာသွန်းမှုကြောင့် မလတ်တောင် ပြိုမှု ဖြစ်ပွားခဲ့ရာ လူ(၇၃)ဦးသေဆုံးပြီး (၆၃)ဦးဒဏ်ရာရရှိခဲ့ပါသည်။
 သို့ဖြစ်ရာ ယခုဖြစ်ပေါ်လျက်ရှိသည့် အမ်ဖန်(AMPHAN)စူပါဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို တိုက်ရိုက်မခံစားရသဖြင့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းရန် မလိုနိုင်သော်လည်း မုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ တောင်ကျ ချောင်းများတွင် ရေများရုတ်တရက်ကျဆင်းခြင်း၊ လျှပ်တပြက်ရေကြီးခြင်းများဖြစ်ပေါ်တတ် ကြောင်းကို ကမ်းရိုးတန်းဒေသများသာမက ကုန်းတွင်းပိုင်းဒေသနေ ပြည်သူများအနေဖြင့်လည်း သတိပြု ကြိုတင်ပြင်ဆင် နေထိုင်ရန်လိုအပ်ပြီး အောက်ဖော်ပြပါအချက်များကို ဂရုပြုလိုက်နာ နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြု အပ်ပါသည်-
(၁) နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေး၍ လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြုပြင်ဆောင်ရွက်ပါ။ အိမ်ပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ကြိုတင် ခုတ်ထွင် ရှင်းလင်းထားပါ။
(၂) လေပြင်းတိုက်ခတ်ချိန်နှင့် မိုးသည်းထန်စွာရွာသွန်းချိန်တို့တွင် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ်မီးတိုင်များ၊ တယ်လီဖုန်းတိုင်များ ကျိုးကျနိုင်ခြင်း၊ လဲပြိုနိုင်ခြင်း၊ လေပြင်းနှင့် အတူ လွင့်ပါလာသည့် သွပ်နှင့် အခြားအရာဝတ္တုများကြောင့် ထိခိုက်နိုင်ခြင်း၊ မိုးကြိုးပစ် ခြင်းများဖြစ်ပွားနိုင်သဖြင့် တတ်နိုင်ပါက အဆောက်အဦ အပြင်ဘက်သို့ မထွက်ပါနှင့်။ ဖုန်းများအသုံးမပြုပါနှင့်။ လျှပ်စစ်ပစ္စည်းများအသုံးမပြုပါနှင့်။
(၃) လေတိုက်နှုန်း တစ်နာရီ မိုင် (၅၀၊ ၆၀)ခန့်သည် တဲအိမ်ငယ်များ ပြိုလဲနိုင်ခြင်း၊ နေအိမ်များ အမိုး၊ အကာ လန်ခြင်းများလည်း ဖြစ်ပွားနိုင်သဖြင့် မိမိအိမ်သည် လေပြင်း ဒဏ် ခံနိုင်ရည်အားနည်းသည်ဟု ယူဆပါက ခိုင်ခံသည့် နီးစပ်ရာ အိမ်များ၊ အဆောက် အဉီများသို့ ကြိုတင်ရှောင်ရှားနေထိုင်ပါ။
(၄) မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး လျှပ်တပြက် ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမို ဂရုပြု နေထိုင်ပါ။
(၅) အန္တရာယ်ရှိသည့်မြစ်ချောင်းများ၊ တောင်ကျချောင်းများ၊ တောင်ခြေများ၊ တောင်စောင်း များ စသည့် မြေပြို၊ တောင်ပြိုမှုများဖြစ် ပေါ်နိုင်သည့်နေရာများတွင်နေထိုင်သူများ အထူးသတိပြုနေထိုင်ပါ။ လိုအပ်ပါက ခေတ္တ ရှောင်ရှားနေထိုင်ပါ။
(၆) မိုးထစ်ချုန်းရွာသွန်းနေချိန် တောင်ကျချောင်းများအတွင်း မော်တော်ကား၊ မော်တော် ဆိုင်ကယ်၊ နွားလှည်းများ၊ လူများ မဖြတ်သန်းပါနှင့်။ ရုတ်တရက် ရေများအရှိန်ဖြင့် စီးဆင်းလာနိုင်ပြီး အန္တရာယ်ရှိနိုင်ပါသည်။
(၇) လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများ ပြီးစီး၍ အပြင်ထွက်ပါက လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့်တတ်နိုင်သမျှဝေးဝေးနေပါ။ မြွေနှင့် အဆိပ်ရှိသော တိရစ္ဆာန်များ၏ အန္တရာယ်ကို သတိပြုပါ။ တောင်စောင်းများ၊ မြစ်ချောင်းများ၊ တောင်ကျ ချောင်းများအနီးသို့မသွားပါနှင့်။
(၈) မိမိတို့ရပ်ရွာအတွင်း လေပြင်းဒဏ်ခံနိုင်သည့် နီးစပ်ရာ အိမ်များ၊ အဆောက်အဉီများသို့ ခေတ္တရှောင်ရှားနေထိုင်သည်ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ COVID–19ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက် များကို တိကျစွာလိုက်နာပါ။
 ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများ ဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေး ဆက်သွယ် သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

 

#ar
#npw_may2020

Source: MSWRR

Sign Up

Upcoming Events