မေ၊ (၁၈) ၊နေပြည်တော်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံး၏ လုပ်ငန်းများ ဆောင်ရွက် တိုးတက်မှုနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို အဖွဲ့၏အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အတွင်းရေးမှူးရုံးအဖွဲ့တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါအရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးရုံးအဖွဲ့က လုပ်ငန်း ဆောင်ရွက်ထားရှိမှု ပထမအကြိမ်အစီရင်ခံစာကို တင်ပြပြီးဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပြည်သူများက လုပ်အား၊ ငွေအားနှင့် ပစ္စည်းများ ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့်လည်း ပြည်သူများထဲက ပြည်သူ များဖြစ်သော စေတနာ့ဝန်ထမ်းများ၊ပရဟိတသမားများ၏ လုပ်အားဖြင့် ပံ့ပိုးကူညီမှုများတွင် လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းကူညီခြင်း၊ ကျေးဇူးတင်အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်း များ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊COVID-19 ကာလအတွင်း အသွားအလာကန့်သတ်ခြင်း (Quarantine) နေရာများတွင်ရှိသည့်စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအကြား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသော ပရဟိတသမား များစာရင်းကိုမကျန်ရှိစေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် ဆောင်ရွက်သည့်မြို့နယ် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့က မြို့နယ်အလိုက် စိစစ်ရန်လိုအပ်ပါကြောင်း၊ သို့မှသာစေတနာ့ဝန်ထမ်းများအား စနစ်တကျ ပိုမိုပံ့ပိုး ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊စေတနာ့ဝန်ထမ်းသင်တန်းလက်စွဲစာအုပ်ကိုဖြန့်ဝေခဲ့ပြီးသင်တန်းပေးမည့်ဆရာများကို Training of Trainer (TOT) သင်တန်းများပေးလျက်ရှိသည့် အခြေအနေများ၊ သင်တန်းရရှိပြီးသည့်ဆရာများကစေတနာ့ဝန်ထမ်းများအားပြန်လည်သင်ကြားပေးလျက်ရှိသည့်အခြေအနေများတွင် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊ စေတနာ့ဝန်ထမ်းများ အတွက် တစ်ကိုယ်ရည်အကာအကွယ်ပစ္စည်းများ၊ နားနေနိုင်မည့်နေရာများနှင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများတွင် စက်သုံးဆီပံ့ပိုးနိုင်ရေးကိစ္စများစီစဉ်ထားမှုနှင့်စေတနာ့ဝန်ထမ်း ရင်ထိုး တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများက စေတနာ့ဝန်ထမ်းများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် စက်သုံးဆီပံ့ပိုးနိုင်ရေးပုဂ္ဂလိက ကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ တိုင်း ဒေသကြီး/ ပြည်နယ်များကပေးပို့လာသည့် စေတနာ့ဝန်ထမ်းများစာရင်းနှင့် အွန်လိုင်းမှ စာရင်း ပေးသွင်းလာသည့် စေတနာဝန်ထမ်းများစာရင်းကို စိစစ်ပြီးစီးမှုအခြေအနေများ၊ မြို့နယ်အလိုက် ပြန်လည်စိစစ်နိုင်ရေးအတွက် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့နှင့်ချိတ်ဆက် ဆောင်ရွက် မည့် လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းဆင့်ပွား သင်တန်းများအတွက် လက်စွဲစာအုပ်ပုံနှိပ်ထုတ်ဝေရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လက်စွဲစာအုပ်များကို လက်ရှိသင်တန်းပေး နေသည့် မြို့နယ်များအရောက် ဖြန့်ဝေပေးနေသည့်အခြေအနေများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ အတွက် Training of Trainer (TOT) သင်ကြားမှု Video Clip ရိုက်ကူးပြီး Youtubeမှတဆင့် အချိန်မရွေး လေ့လာနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သင်တန်း ဆရာလက်စွဲ (Trainer Mannual) ရေးဆွဲလျက်ရှိသည့် အခြေအနေများနှင့် ဆင့်ပွားသင်တန်းများ အမြန်ဆုံးပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မိမိတို့ဝန်ကြီးဌာနရှိဦးစီးဌာန အသီးသီး၏မြေပြင်ဝန်ထမ်းများ အနေဖြင့်မူလ တာဝန်များမလစ်ဟင်းစေဘဲCOVID-19 ရောဂါအရေးပေါ်တုံ့ပြန်နိုင်ရေး လုပ်ငန်းများတွင် လိုအပ် သလို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may2020
Source: MOSWRR