လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇူလိုင်လ (၂၂) ရက်နေ့၊ နံနက် (၀၉) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား NewZealand နိုင်ငံအခြေစိုက် Moveahead Software အဖွဲ့အစည်းမှ Director ဖြစ်သူ Mr.Trevor ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဖွံ့ဖြိုးမှုနှောင့်နှေးသော ကလေးငယ်များ၊ Down’s Syndrome အော်တစ်ဇင်ရောဂါခံစားနေရသောကလေးငယ်များအတွက် ဘာသာစကားသင်ယူခြင်း၊ ပညာသင်ယူခြင်းများလွယ်ကူစေရန် နည်းပညာ Software အား မြန်မာဘာသာဖြင့် ထုတ်လုပ်နိုင်ရေးပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ အဆိုပါ Software အား အထူးလိုအပ်ချက်ရှိသောကလေးငယ်များနှင့် ၎င်းတို့ကိုသင်ကြားပေးနေသော ဆရာ/ဆရာမများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး၊ ကလေးမိဘများအနေဖြင့် ဖွံ့ဖြိုးမှု နှောင့်နှေးသော ကလေးငယ်များအား ပြုစုစောင့်ရှောက်ရာတွင် အသုံးပြုနိုင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အလားတူ မွန်းလွဲ (၁၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Brighter Future Foundation အဖွဲ့အစည်းမှ Managing Director ဖြစ်သူ ဦးဇွဲနန္ဒ ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အရေးပေါ်ကာလသုံးဆက်သွယ်ရေးစက်များ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက်အသုံးပြုနိုင်မည့်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုနိုင်ရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဥရောပသမဂ္ဂမှဖွင့်လှစ်သည့် အခပေးသင်တန်းနှင့် အခမဲ့သင်တန်းများ၊ Brighter Future Foundation အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံတွင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဥပဒေအရ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။