
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်)
(မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm)အခြေအနေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားအလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha) ၏ တောင်ဘက် ရေမိုင် (၄၄၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၉၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၁၀)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၅၄၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ သေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm)အမ်ဖန် (AMPHAN) ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂။ အဆိုပါအားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၂.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၆၅)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၉၅)မိုင်နှုန်း ဖြစ်ပါသည်။
နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
~~~~~~~~~~~~~~~~~~~~~~~~~~
၃။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် နောက်(၆)နာရီအတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
~~~~~~~~~~~~~~~~~~~~~~~~~~
၄။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် (၁၈.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်
~~~~~~~~~~~~~~~~~~~~~~~~~~
၅။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ပါ သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိင်ပါသည်။
အသိပေးနှိုးဆော်ချက်
~~~~~~~~~~~~~~~~~~~~~~~~~
၆။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသ အခြေအနေများကို ပြည်တွင်းလေကြောင်းပျံသန်းရေးအနေဖြင့် လည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။