တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိ မှုသတင်း

မေလ ၁၂ ရက်၊ နေပြည်တော်
 မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၁၁-၅-၂၀၂၀)ရက်နေ့တွင်
 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ်(၃)ခု၌ နေအိမ်(၅)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၀၀)အမိုးအကာလန်ပျက်စီးခြင်း၊
 ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ နေအိမ်(၁၀)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 ကရင်ပြည်နယ်၊ မြို့နယ်(၅)ခု၌ နေအိမ်(၆)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၅၅)လုံး နှင့် ဘာသာရေးအဆောက်အဦ (၅)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်(၂)ခု၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံးအမိုးအကာလန်ပျက်စီးခြင်း၊
 ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၁၄၇)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၆၂၀)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၈)ခု၌ နေအိမ်(၂၀)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၉၇၄)လုံး နှင့် ဘာသာရေးအဆောက်အဦ(၉)လုံးအမိုးအကာလန်ပျက်စီးခြင်း၊
 မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်(၇)ခု၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၇၅)လုံးနှင့် ဘာသာရေးအဆောက်အဦ(၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးခြင်း၊
 ရှမ်းပြည်နယ်၊ မြို့နယ်(၅)ခု၌ နေအိမ်(၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၅၀)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
 ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၂)ခု၌ နေအိမ်(၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၆၂)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
 (၉-၄-၂၀၂၀)ရက်နေ့မှ (၁၂-၅-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှု များကြောင့် နေအိမ်(၆၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၈)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၉၃၅၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၆၉)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး လူ(၆)ဦးသေဆုံးခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံးသူထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ်(၄၄၉.၅) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။
 ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။

Source: MSWRR

#ha_sgw
#npw_may2020

Sign Up

Upcoming Events