ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDPစခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

 
မေလ ၉ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒူကထောင်နယ်မြေ (၄)၊ (၅)၊ (၁၄)၊ တပ်ကုန်း ဂါလိလဲ၊ တပ်ကုန်းဧမာနွေလ IDP စခန်းနှင့် မိုးညှင်းမြို့ရှိ စိန်ပတ်ထရိတ် ဘုရားကျောင်း IDP စခန်း စုစုပေါင်း(၆)ခုသို့သွားရောက်၍ လက်သန့်ဆေးရည်(၁၆၆)ဗူးအား ထောက်ပံ့ခဲ့ပါသည်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အုန်းတောချေ၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ အုန်းတောကြီး(တောင်)၊ အုန်းတောကြီး(မြောက်)၊ ဒါးပိုင်၊ မော်သီညာ၊ ဘာဆာရာ၊ ဆေးသမားကြီး၊ သဲချောင်း၊ သက္ကေယ်ပြင်နှင့် ခေါင်းဒုက္ကာ IDPစခန်း စုစုပေါင်း(၁၂)ခုသို့ သွားရောက်၍ လက်ဆေးစင် (၁၇၀)ခုအားလည်းကောင်း၊ မဟာမုနိဗုဒ္ဓ ဝိဟာရ၊ မဟာဇေယျသိဒ္ဓိပဌာန်း၊ အလိုတော်ပြည့်၊ ဗုဒ္ဓမော်၊ ဆုတောင်းပြည့်၊ ကယုချောင်း၊ အမျိုးသားကျောင်း၊ ဒက္ခေါင်းကျောင်း၊ နန်းရွှေဂူကျောင်း၊ ဓမ္မာရာမကျောင်း၊ မဏိရတနာကျောင်း၊ ဆည်ကြီးကျောင်း၊ သာသနာ့ဗိမာန်ကျောင်းနှင့် မဟာအောင်မြေဘုံကျောင်း ယာယီတိုက်ပွဲရှောင်စခန်း စုစုပေါင်း(၁၄)ခုသို့ သွားရောက်၍ လက်ဆေးစင်(၁၄)ခုအား ထောက်ပံ့ခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ရှိ (၃)ရပ်ကွက်ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင်(၁)၊ ကာလိုင်(၂)၊ (၅)ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံးနှင့် (၆)ရပ်ကွက် မူကြိုကျောင်းIDP စခန်း စုစုပေါင်း(၅)ခုသို့ သွားရောက်၍ အပူချိန်တိုင်းကိရိယာ(၁)ခု၊ လက်ဆေး ဆပ်ပြာ(၄,၃၈၂)ခဲ၊ ထုံး(၅၀)အိတ်တို့အားထောက်ပံ့ပေးခဲ့ပြီး စခန်းအတွင်းရှိ လူစုဝေးရာနေရာများဖြစ်သည့် ရေချိုးခန်း၊ အိမ်သာ၊ လက်ဆေးရာနေရာများ၊ ရေမြောင်းများ၊ အမှိုက်ကန်များအနီးတွင် ထုံးဖြူးပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင် ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
#npw_may2020
Source: MSWRR

Sign Up

Upcoming Events