အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အဖွဲ့၏ အတွင်းရေမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် အဆိုပါဝန်ကြီးရုံး၌ (၅-၅-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးမှုကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဝင်များ ဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အတွင်းရေးမှူးရုံးအဖွဲ့ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း Quarantine လုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်း၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်နေကြသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးဟုဆိုရာတွင် ပရဟိတသမားများ၊ စေတနာ့ဝန်ထမ်းများ၏ ကဏ္ဍသည်အရေးကြီးပါကြောင်း၊ စေတနာ့ဝန်ထမ်းများကို လိုအပ်သောသင်တန်းများပေးခြင်း၊ တစ်ကိုယ်ရည် အကာအကွယ် ပစ္စည်းများ ပံ့ပိုးခြင်း၊ အနေအထိုင်၊ အစားအသောက်၊ အသွားအလာနှင့် နားနေရန်များ လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် စေတနာ့ဝန်ထမ်းများကို လိုအပ်ချက်အလိုက် ဖြည့်ဆည်းပေးရန် ကြိုးပမ်းလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များက ဦးဆောင်၍ သတ်မှတ်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်နိုင်ရန် ဤညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးအကြံပြုကြရန် လိုအပ်ပါကြောင်း၊ အဖွဲ့၏ လုပ်ငန်း တာဝန်များကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများဆိုင်ရာ သတင်းအချက်အလက်များနှင့် လိုအပ်ချက်များကို ဆန်းစစ်၍ ပံ့ပိုးကူညီပေးရန်အတွက် မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေး အဖွဲ့ကို သက်ဆိုင်ရာမြို့နယ်များအလိုက် ဖွဲ့စည်းပေးရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ဘဏ္ဍာငွေလိုအပ်ချက်များကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ကြိုးပမ်းပေးကြရန် ဖြစ်ပါကြောင်း၊ လိုအပ်ချက်များကို ဗဟိုအဖွဲ့က ညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် Quarantine လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီရာ၌ ပိုမိုထိရောက်စေရန် လိုအပ်သော သင်တန်း များပေးခြင်း ကိုလည်း စီစဉ်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း လက်စွဲစာအုပ်ကို ပြုစု ရေးသားပြီးဖြစ်ပါကြောင်း၊ Quarantine လုပ်ငန်းစဉ်များတွင် လက်ရှိဆောင်ရွက်နေ ကြသော စေတနာ့ဝန်ထမ်းများ စာရင်း၊ ထပ်မံ၍ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူ ဆောင်ရွက် လိုသူများ၏စာရင်းနှင့် စေတနာ့ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမည့် စေတနာ့ဝန်ထမ်းဆရာဝန်များစာရင်းကိုလည်း ကောက်ယူပြီးဖြစ်ကြောင်း၊ ယနေ့မှစ၍ စေတနာ့ဝန်ထမ်းဆရာဝန်များအား ဆရာဖြစ်သင်တန်း (Training of Trainer) ကို အွန်လိုင်းမှတစ်ဆင့် သက်ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးများက သင်ကြားပေးနေပြီ ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ နားနေရန် အသုံးပြုနိုင်မည့် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ရိပ်သာ ၊ အဆောက်အဦးများစာရင်းကိုလည်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရရှိထားပြီးဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများဦးရေနှင့် ရိပ်သာ အဆောက်အဦးများ လုံလောက်မှုရှိအောင် ဖြည့်ဆည်း ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးကြစေလို ကြောင်းနှင့် သက်ဆိုင်ရာ ဒေသများအလိုက် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဝင် အတွင်းရေးမှူး (၁)၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Quarantine နေရာများတွင် တာဝန်ထမ်းဆောင်ကြသည့် စေတနာဝန်ထမ်း များအား သင်တန်းပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များက Quarantine နေရာများအပြင် အခြားကဏ္ဍများတွင် ဆောင်ရွက်ပေးနေသော Volunteer များအတွက်ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရေးကိစ္စများ၊ ကောက်ယူထားသည့် စေတနာ့ဝန်ထမ်းစာရင်းများကို စိစစ် ဆောင်ရွက်မည့်ကိစ္စများ၊ စေတနာ့ဝန်ထမ်းများ နားနေရန် လုံလောက်သည့် နေရာများရရှိနိုင်ရေးနှင့် မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့က ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စများကို အသီးသီး ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။