နေပြည်တော်၊ မေ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လက်ရှိအခြေအနေ၊ ဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့တို့၏ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ပံ့ပိုးကူညီပေးနိုင်ရန် ကိစ္စရပ်များကို ယနေ့နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက်ပူးပေါင်းဆောင်ရွက် နေသည့် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီအဖွဲ့ဝင်များ၊ ချင်းတိုက်ပွဲရှောင်ပြည်သူများ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီအဖွဲ့ဝင်များ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာသည့် တိုက်ပွဲရှောင်ပြည်သူများမှာ ပလက်ဝမြို့နယ်အတွင်း သာမက ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တို့တွင် လည်းရှိ နေပါကြောင်း၊ တိုက်ပွဲရှောင်များအတွက် လတ်တလော၊ ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ မိမိတို့ဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တိုက်ပွဲရှောင်များအတွက် ပူးပေါင်းဆောင်ရွက် နေသည့်အဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ပါက ပိုမိုထိရောက်စွာကူညီပံ့ပိုးဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ လတ်တလော ဆောင်ရွက်ရမည့် အရေးပေါ်ကိစ္စတွင် COVID-19 ကိုလည်း ထည့်သွင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများရှိသည့် ပြည်နယ်(၅)ခုအတွက် စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါ ကြောင်း၊ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာများ ထပ်မံပို့ဆောင်ရေးကိုလည်း ပြည်ထောင်စုအဆင့်မှ ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ ပြည်နယ်(၅)ခုရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID-19 အတွက် အသိပညာပေးလုပ်ငန်းများ ကို ထပ်ခါထပ်ခါ ထိရောက်စွာ ဆောင်ရွက် လျက်ရှိကြောင်း၊ စခန်းများအတွင်း နေထိုင်သူများအား အဝတ်ဖြင့်ချုပ်လုပ်ထားသော ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ဆပ်ပြာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ စခန်းအလိုက်အပူချိန်တိုင်း ကိရိယာများ၊ လက်ဆေး ဘေစင်များကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ COVID-19 အသိပညာပေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တယ်လီဖုန်း Operator များမှ တစ်ဆင့် SMS ပေးပို့သည့် ပညာပေးညွှန်ကြားချက် အချက်(၁၀)ချက်မှာ အဓိက လိုက်နာရမည့် အချက်များဖြစ်၍ စခန်းနေသူများ သိရှိရေးလိုက်နာဆောင်ရွက်ရေးကူညီပေးကြစေလိုကြောင်း၊ hand Speaker များ၊ loud Speaker များဖြင့် အသိပညာပေးခြင်းကိုလည်း တိုးချဲ့ဆောင်ရွက်နေပါ ကြောင်း၊ တိုက်ပွဲရှောင် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ပုံမှန်ထောက်ပံ့မှုအပြင် (၁)ကြိမ်အပိုဆောင်း၍ ထောက်ပံ့သွားမည်ဖြစ်ပါ ကြောင်း၊ အလားတူ မသန်စွမ်းများအတွက်လည်း ထောက်ပံ့ရန်ဆောင်ရွက်နေပါကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် အတွက် ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းမှုများဖြင့် အခက်အခဲများကိုကျော်လွှားပြီး ထောက်ပံ့မှုများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းပြောကြားပါသည်။
ထို့နောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ် များ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန် တင်ပြချက်များဖြစ်သည့် ပလက်ဝ၊ ဆမီးမြို့နှင့် နီးစပ်ရာ ကျေးရွာများရှိ တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာများရရှိနိုင်ရေး၊ ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ကျေးရွာ(၉)ရွာအတွက် အဆောက် အဦများ ပျက်စီးမှုအတွက်ပံ့ပိုးနိုင်ရေး၊ တိုက်ပွဲကြောင့်ထိခိုက်ဒဏ်ရာရသူများအားပို့ဆောင်မည့် လူနာတင်ယာဉ်နှင့် အုပ်ချုပ်မှုယာဉ်ရရှိရေး၊ ပလက်ဝနှင့်ဆမီးမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရရှိစေရေး၊ မူလနေရပ်တွင် ပြန်လည် အခြေချရန်ခက်ခဲသည့် ဝေးလံသောအရပ်မှ အိမ်ထောင်စုများအတွက် ပလက်ဝမြို့နှင့် ဆမီးမြို့များတွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးရေး၊ တိုက်ပွဲရှောင်များနှင့် ပလက်ဝဒေသခံများအတွက် မိုးတွင်းကာလအတွင်း စားနပ်ရိက္ခာအခက်အခဲ နည်းပါးစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ရေး၊ မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းအား မိုးတွင်းကာလသွားလာနိုင်စေရန် ဆောင်ရွက်ပေးရေး၊ COVID – 19 ရောဂါကာကွယ်ရေး အတွက်လိုအပ်သည့် ပစ္စည်းများဖြည့်ဆည်းပေးရေးတို့ကို တင်ပြကြရာ တိုက်ပွဲရှောင်များအတွက် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်အစိုးရက စိစစ်တင်ပြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညှိနှိုင်း၍ ပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_may2020
Source: MSWRR