တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိ

မေလ ( ၃)ရက် ၊ နေပြည်တော်
 မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၂-၅-၂၀၂၀)ရက်နေ့တွင်
 ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ နေအိမ်(၁၃)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၃၃၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၇)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပါသည်။ အဆိုပါလေဘေးဖြစ်ပွားသည့် နေရာများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ဒေါက်တာအောင်သန်းမောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ရာ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းဖိုးများအတွက် စုစုပေါင်းကျပ်
(၂၇.၇)သန်းကျော်အား ထောက်ပံ့ခဲ့ပါသည်။
 အလားတူ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်များ၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၉၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၃)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
 စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်၊ စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်များ၌ နေအိမ်(၂)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
 ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ နေအိမ်(၅၆)လုံး ပြိုကျပျက်စီးပြီး နေအိမ် (၈၉)လုံး၊ ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ ကြောင်းနှင့် သက်ဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများသည် လေပြင်းဘေးဖြစ်ပွားသည့်နေရာများသို့ သွားရောက် ၍ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
 (၉-၄-၂၀၂၀)ရက်နေ့မှ (၃-၅-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှု များကြောင့် နေအိမ်(၃၁၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၃)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၄၈၇၅)လုံးနှင့် ဘာသာရေးအဆောက်အဦ(၉၄)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ်(၂၆၃.၅)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။
 ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။

#ha_sgw
#npw_may2020
Source: MSWRR

Sign Up

Upcoming Events