ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကာလ Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေးကိစ္စများညှိနှိုင်းဆွေးနွေး

မေ၊ (၃) ၊နေပြည်တော်
သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေး ကိစ္စများ ညှိနှိုင်းဆွေးနွေးခြင်းကိုအမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးမှုကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့ဝင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဌ ပါမောက္ခဒေါက်တာ ထင်အောင်စောနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များနှင့် အတွင်းရေးမှူးရုံးအဖွဲ့ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 ရောဂါကူးစက်ပြန့်နှံ့မှုကိုကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကိုအားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ အဓိကလုပ်ငန်းစဉ်တစ်ခုမှာအသွားအလာကန့်သတ်ခြင်း Quarantine ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Quarantine နေရာများမှာလိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း၊ Quarantine နေရာများတွင် ကူညီဆောင်ရွက်ပေးနေကြသည့်စေတနာ့ဝန်ထမ်း (Volunteer) များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက် များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း (Volunteer) များအတွက် လုံခြုံရေးအကာ အကွယ်များ ဆောင်ရွက်ပေးခြင်း၊အနေအထိုင်၊အစားအသောက်နှင့်အသွားအလာကိစ္စများတွင်လိုအပ်ချက်များပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊လုံလောက်သောအနားယူအပန်းဖြေမှုရရှိစေခြင်းနှင့်နိုင်ငံတော်ကအသိအမှတ်ပြုခြင်းများဆောင်ရွက်ပေးလို၍ဖြစ်ကြောင်း၊အဆိုပါလုပ်ငန်းများကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် လူမှုရေးဝန်ကြီးများက ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့အတွင်းရေးမှူးရုံးအဖွဲ့အနေဖြင့် လက်ရှိဆောင်ရွက် နေကြသောစေတနာ့ဝန်ထမ်းများစာရင်းကိုကောက်ယူထားရှိပြီးဖြစ်ကြောင်း၊ ထပ်မံ၍ စေတနာ့ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်လိုသူများ၏ စာရင်းနှင့် စေတနာ့ဝန်ထမ်းများ အားလေ့ကျင့်သင်ကြားပေးမည့် စေတနာ့ဝန်ထမ်းဆရာဝန်များစာရင်းကိုလည်းအွန်လိုင်းစနစ်ဖြင့် ကောက်ယူလျက်ရှိပါကြောင်း၊ စေတနာ့ ဝန်ထမ်းသင်တန်းလက်စွဲစာအုပ်ကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မိမိတို့ဝန်ကြီးဌာနကပူးပေါင်းပြုစုရေးဆွဲထားပြီးဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်း (Volunteer) များအား သင်ကြားပေးမည့် စေတနာ့ဝန်ထမ်းဆရာဝန်များကိုဆရာဖြစ်သင်တန်း (Training of Trainer) ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းများကို အွန်လိုင်းစနစ်ဖြင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းလက်စွဲ စာအုပ်များကိုကြိုတင်မျှဝေထားမည်ဖြစ်ကြောင်းနှင့် သင်တန်းပို့ချကြမည့် ဆရာကြီး၊ ဆရာမကြီးများ အနေဖြင့် လိုအပ်ချက်များကိုအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းကပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လိုသူများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အလုပ်လုပ် နေသူများမှပြန်လာလိုသူများကိုစနစ်တကျ လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက် လာကြသူများကိုQuarantine နေရာများတွင် စနစ်တကျ ထားရှိနိုင်မှာသာ COVID -19 ရောဂါ ကူးစက်ပြန့်နှံ့မှုနှင့်ပတ်သက်ပြီးလက်ရှိအနေအထားအတိုင်းဆက်လက်ထိန်းချုပ်ထားနိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် Quarantine နေရာများတွင် စနစ်တကျဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်းနှင့် မိုးရာသီကျရောက်လာပြီဖြစ်၍ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသောရောဂါများနှင့်ပတ်သက်၍ ဆောင်ရွက်မှုများတွင် စေတနာ့ဝန်ထမ်းများပါဝင်ကူညီနိုင်ရန် လိုအပ်သည့်သင်ခန်းစာများပါ ထည့်သွင်း သင်ကြားပေးနိုင်ရေးဆွေးနွေးပါသည်။
ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဌ၊ ပါမောက္ခဒေါက်တာထင်အောင်စောနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များနှင့် အတွင်းရေးမှူးရုံးအဖွဲ့တာဝန်ရှိသူများကစေတနာ့ဝန်ထမ်းဆရာဝန်များကိုဆရာဖြစ်သင်တန်း (Training of Trainer) သင်ကြားပေးမည့်ကိစ္စများ၊ သင်တန်းများကိုအွန်လိုင်းအသုံးပြုသင်ကြားရာတွင် လိုအပ်သည့် ပြင်ဆင်မှုများ၊ သင်တန်းထိရောက်မှုရှိစေရေးလူဦးရေအလိုက် အချိန်ကာလခွဲ၍ သင်ကြားပေးနိုင်ရေး ကိစ္စများ၊သင်ခန်းစာခေါင်းစဉ်အလိုက်သင်ကြားမည့်အချိန်ကာလ၊ လုံခြုံရေးအကာအကွယ် ပစ္စည်းများ ပံ့ပိုး ပေးနိုင်ရေးကိစ္စများနှင့် မိုးရာသီကာလတွင် ဖြစ်လေ့ရှိသောသွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီ တုပ်ကွေးရောဂါအမျိုးမျိုးနှင့် ပတ်သက်၍လည်း ပညာပေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအား ပါဝင်နိုင်ရေးကိစ္စများကိုအသီးသီးဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့တာဝန်ရှိသူများကလိုအပ်သည့်သင်တန်းများအဆင့်ဆင့်ပေးနိုင်ရေး၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကတာဝန်ပေးအပ်ထားသောကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဖြစ် သင်တန်းတက်ရောက်ထားသောမြန်မာနိုင်ငံဆရာဝန်အသင်းဝင် လုပ်အားပေး ဆရာဝန်များပူးပေါင်း၍ စေတနာ့ဝန်ထမ်းတာဝန်ယူဆောင်ရွက်နေသူများနှင့် ဆောင်ရွက်မည့်သူများအား‌ လေ့ကျင့်သင်တန်း ပေးရေး ကိစ္စများကိုပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1
#npw_may2020
Source: MOSWRR

Sign Up

Upcoming Events