လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအဖွဲ့တို့ပူးပေါင်း၍ “မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့်မူဘောင်” ရေးဆွဲခြင်းဆိုင်ရာ စတုတ္ထအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို Max Myanmar Hotel တွင် (၇-၇-၂၀၁၆) ရက်နေ့၊ နံနက် (၀၉း ၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအဖွဲ့များ အပါအဝင် စုစုပေါင်း (၅၇) ဦးတက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်မှ ပြည်သူလူထု၏ သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေဖို့အတွက် အမျိုးသား အဆင့်မူဘောင်တစ်ရပ်ရေးဆွဲနိုင်ရန်” မိမိတို့ ဦးစီး ဌာနနှင့် ADB၊ DRR Working Group တို့ပူးပေါင်းပြီး စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းမူဘောင်မှာ Document တစ်ခုမျှသာမဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုရေးဆွဲနေသော မူဘောင်ထဲတွင် ဌာနအသီးသီးက ပြည်သူနှင့်ထိတွေ့ပြီး ဆောင်ရွက်နေသည့်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်ရန်နှင့် မူဘောင်အောင်အောင်မြင်မြင် ရေးဆွဲနိုင်ရန် ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ဌာနဆိုင်အားလုံး၏ ပူးပေါင်းဆောင်မှုသည် အရေးကြီး ကြောင်း၊ မူဘောင်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအစရှိသည့် ကဏ္ဍအလိုက်ဆောင် ရွက်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထား ဖော်ပြထားကြောင်းနှင့် မူဘောင်ကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ရေရှည်တွင် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ ကွာဟမှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့်မူဘောင် ရေးဆွဲခြင်းဆိုင်ရာနှင့် ပတ်သက်၍ဆွေးနွေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။