ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ COVID -19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ ၂၈
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID -19 ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ COVID -19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးပွဲ၌ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်း (၃၁)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် မသန်စွမ်းသူများ COVID – 19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီမှ တာဝန်ရှိသူများ ပါဝင် ဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် COVID – 19 အရေးပေါ် တုံ့ပြန်ရေးအတွက် ထိခိုက်လွယ်အုပ်စုများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိရာ IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ မသန်စွမ်းသူများအတွက်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက် နေပါကြောင်း၊ ယခု COVID – 19 အရေးပေါ်အခြေအနေကို တုံ့ပြန်ရာတွင် မသန်စွမ်းသူများကို ချန်ထားခြင်းမရှိဘဲ ထည့်သွင်းဆောင်ရွက်နိုင်မည့် စီမံချက်ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံချက်အရ COVID – 19 ဆိုင်ရာအသိပညာပေး အစီအစဉ်ကို မသန်စွမ်းမှုအလိုက် မျက်မမြင်စာ၊ လက်သင်္ကေတပြ ဘာသာစကား၊ အလွယ်တကူ နားလည်လွယ်သည့်ပုံစံတို့ဖြင့် ထုတ်ဝေဖြန့်ချိနေပါကြောင်း၊ မသန်စွမ်းသူများ COVID – 19 အရေး ပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီမှ တင်ပြထားသည့် မသန်စွမ်းသူများနှင့် မိသားစုများအား ထောက်ပံ့နိုင်ရေး အတွက် စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID – 19 အရေးပေါ်ကာလအတွင်း မသန်စွမ်းသူများ၏ လိုအပ်ချက်တို့ကို သိရှိနိုင်ရန် Rapid Assessment ပြုလုပ်ထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး စည်းလုံးညီညွတ်စွာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် အသိပညာပေးလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ သတင်းအမှန်များ ရရှိနိုင်ဖို့ စီစဉ်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်များကို မသန်စွမ်းမှုအလိုက် သိရှိနိုင်ရေး ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ၊ COVID – 19 ရောဂါပိုးကူးစက်ခံရသူနှင့် ရောဂါပိုး ရှိ / မရှိ စစ်ဆေးခံရသူ မသန်စွမ်းသူများအနေဖြင့် Quarantine နေရာများတွင် လှုပ်ရှားသွားလာမှု အဆင်ပြေရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများဆိုင်ရာ COVID – 19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီမှ တာဝန်ရှိသူများက လက်ရှိတွင် ကော်မတီ၏ထောက်ပံ့ကူညီပေးနေမှုအခြေအနေ၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်လိုအပ်သည့် ကိစ္စရပ်များ၊ ကြိုတင်ကာကွယ်ရေး၊ ငွေကြေးထောက်ပံ့ရေး၊ မသန်စွမ်းသူများအတွက် Quarantine နေရာများသတ်မှတ်ရေး၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ရေးတို့နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပူးပေါင်းကူညီဆောင်ရွက်ပေးရေးအတွက် ပြန်လည် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#npw_apr2020

Sign Up

Upcoming Events