ဧပြီလ၊ ၂၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် (၂၈-၄-၂၀၂၀)ရက်နေ့မှ (၃၀-၄-၂၀၂၀)ရက်နေ့အတွင်း ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့်စပ်လျဉ်းသည့် ခန့်မှန်းချက်များအား ဆန်းစစ်နိုင်ရန် နှင့်ကြိုတင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပါသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ တာဝန်ရှိသူများက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ကမ္ဘာ့မိုးလေဝသ အင်တာနက်စာမျက်နှာများမှရရှိသော အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုအခြေနေနှင့် မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်မှုအခြေအနေတို့အား (၂၅-၄-၂၀၂၀)ရက်နေ့တွင် ဦးစီးဌာန၏ Web Page ၌ အသိပေးထားရှိခဲ့မှု၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနအနေဖြင့် လေဖိအားနည်းရပ်ဝန်းမှ တဆင့် မုန်တိုင်းငယ်အဆင့်သို့ တိုးမြှင့်ဖြစ်ပေါ်နိုင်ခြေနှင့် မြန်မာနိုင်ငံသို့ ဖြတ်သန်းဝင်ရောက် နိုင်ခြေတို့အား စဉ်ဆက်မပြတ်စောင့်ကြည့်မှုအခြေအနေ၊ မိုးလေဝသ စင်တာကြီးများနှင့် European Centre for Medium-Range Weather Forecasts (ECMWF)၊ Global Forecast (GFS) သင်္ချာပုံစံပြုမိုးလေဝသခန့်မှန်းမှု မော်ဒယ်များအရ မုန်တိုင်းငယ် အဆင့်သို့ရောက်ရှိပါက (၂-၅-၂၀၂၀)မှ(၃-၅-၂၀၂၀)အတွင်း မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီး နှင့်ရခိုင်ပြည်နယ် တောင်ပိုင်းတွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်နိုင်သည့် အခြေအနေနှင့် ခန့်မှန်း မိုးရေချိန်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖြစ်ပေါ်နေသောမိုးလေဝသ အခြေအနေများပေါ်မူတည်၍ အချိန်နှင့်တပြေးညီ နေ့စဉ်ခန့်မှန်းထုတ်ပြန် ပေးလျက်ရှိသော မိုးလေဝသ ကြိုတင်သတိပေးချက်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးများမှတဆင့် အသိပေးအကြောင်းကြားခြင်းနှင့် ကြိုတင်ပြင်ဆင်ရန်များ ပေါင်းစပ်ဆောင်ရွက်ခြင်း အခြေအနေများအား တင်ပြရှင်းလင်းခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးက လူမှုမီဒီယာများတွင် ကောလာဟလ ထုတ်လွှင့်မှုများကြောင့် ပြည်သူများစိုးရိမ်မှုလွန်ကဲခြင်းမဖြစ်ဘဲ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လေဖိအားနည်း ရပ်ဝန်းဖြစ်နိုင်ခြေ၊ မုန်တိုင်းငယ်အဆင့် ပြောင်းလဲနိုင်ခြေ၊ မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုတို့အား တရားဝင်ထုတ်ပြန်ချက်များ ပေါ်မူတည်၍ စောင့်ကြည့်လိုက်နာ တက်စေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့လိုအပ်ပါကြောင်း၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရန် ရှိသည်များအား ပြင်ဆင်ထားခြင်းဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအား လျော့ချနိုင်မည်ဖြစ်ကြောင်း၊ အချိန်နှင့်အမျှ ပြောင်းလဲခန့်မှန်းရသည့် မိုးလေဝသဖြစ်စဉ်များအား ကြိုတင်သတိ၊ အသိတို့ဖြင့်သာရင်ဆိုင် တုံ့ပြန်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပထဝီဝင်အနေအထားအရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လေ့ရှိသောမုန်တိုင်းများသည် မိုးဦးကာလဖြစ်သည့် မေလနှင့် မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလတို့တွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသအား ဖြတ်သန်းဝင်ရောက် လေ့ရှိသဖြင့် အထူးအလေးထားပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းများ ဖြတ်သန်းလေ့ရှိသော လမ်းကြောင်းများဖြစ်ခြင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့သည် ယခင်မှတ်တမ်းများအရ မိုးသည်းထန်စွာရွာသွန်းချိန်၌ မြေပြိုမှု၊ ရေကြီးမှုဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် သက်ဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီများအနေဖြင့် ပြင်ဆင်ထားကြရမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြံပေးအဖွဲ့ဖြင့် Online Meeting ဆောင်ရွက်ကာ အကြံပြုမှုများအားထည့်သွင်းပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်အချိန် ဖြစ်သဖြင့် သဘာဝဘေးအတွက် ယာယီနေရပ်ရွှေ့ပြောင်းရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အကွာအဝေး ကွာခြားထားရှိရန်နှင့် ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ၊ ပါးစပ်စည်း၊ နှာခေါင်းစည်းများ အသင့်ထားရှိ ပံ့ပိုးနိုင်ရေးပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Quarantine Site များ ထားရှိသော ဒေသများ၌ သဘာဝဘေးဖြစ်ပါက မည်သို့ပြောင်းရွှေ့မည်၊ Cyclone Shelter/ Multi purpose Shelter တို့အား Social Distancing မည်သို့ရရှိအောင်ဆောင်ရွက်မည်တို့အား ဒေသအလိုက် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသည့်ဌာနများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသော နေရာများတွင် သဘာဝဘေးကျရောက်ပါက ထိခိုက်လွယ်အုပ်စုများ ဦးစားပေးရွှေ့ပြောင်းရေး၊ IDPs များနှင့် တိုက်ပွဲရှောင်စခန်းများတွင် သဘာဝဘေးကျရောက်ပါက တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်တို့အား ပြန်လည်စိစစ်ခြင်း၊ မွန်းမံပြင်ဆင်ခြင်းများ လိုအပ်သလိုဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များသို့ လိုအပ်သည့်အသိပေး အကြောင်းကြားစာများထုတ်ဝေခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ မိုးလေဝသအခြေအနေအား ဆက်လက်စောင့်ကြည့် ကာ လိုအပ်ပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_apr2020
Source: MSWRR