ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးCOVID -19 ကာလအတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ညှိနှိုင်းဆွေးနွေး

ဧပြီလ၊၂၆၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် COVID -19 ကာလအတွင်း ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ လူမှုဝန်ထမ်း ဦးစီးဌာနက ညွှန်ကြားရေးမှူး များနှင့်တာဝန်ရှိသူများ၊သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှတာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပုံမှန်ဆောင်ရွက် လျက်ရှိသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (ECCD)၊ ရှေးဦး အရွယ် ကလေးသူငယ်များဖွံ့ဖြိုးရေး အခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI) လုပ်ငန်းများနှင့်ပတ်သက်၍ COVID -19 ဖြစ်ပွားနေစဉ် ကာလအတွင်း ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ကလေးသူငယ်များနှင့် မိဘအုပ်ထိန်းသူများအိမ်တွင် စုစုစည်းစည်းရှိနေကြစဉ် ကာလအတွင်းကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် ပညာပေးခြင်း၊ မိဘများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပညာပေးခြင်း၊ မြန်မာ့ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့် ပေးသောချစ်စရာ့အရွယ်ကစားကြမယ်အစီအစဉ်ကို COVID -19 ကာလအတွင်း ကလေး ပညာပေး၊ မိခင်ပညာပေးအစီအစဉ်အဖြစ် ဆန်းသစ်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ကိုဝိုင်းဝန်းဆွေးနွေးကြစေ လိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်UNICEF Myanmar, The Leprosy Mission Myanmar, Plan International Myanmar, Save the Children, World Vision International, ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်နှင့် ပန်းပျိုးလက်ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက လူမှုကွန်ရက်စာမျက်နှာများတွင် ရုပ်ပုံများ၊ ကလေး ပုံပြင်စာအုပ်များနှင့် ရုပ်ပုံများကို လှုပ်ရှားသက်ဝင်သည့် ဗီဒီယိုများဖြင့် ကလေးပညာပေး၊ မိခင်ပညာပေး၊ နေ့စဉ်ဆောင်ရွက်ရမည့်နည်းလမ်းများ ဖြန့်ဝေပေးနိုင်ရေးတို့ကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တာဝန်ရှိသူများကရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI) စီမံချက်တွင် ပါဝင်သည့် မိသားစုများ၏လိုအပ်ချက်များစာရင်းပြုစုနိုင်ရေး၊လိုအပ်ချက်အလိုက်ထောက်ပံ့မှုများပေးနိုင်ရေး၊ ECI နှင့်ပတ်သက်သည့် စေတနာ့ဝန်ထမ်းများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးရန် မဖြစ်နိုင် သေးသည့် ကာလအတွင်းသီးခြားနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်မည့်ကိစ္စများကို ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_apr2020
Source: MOSWRR

Sign Up

Upcoming Events