ဧပြီ ၂၀ ၊ နေပြည်တော်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို ထည့်သွင်း စဉ်းစားဆောင်ရွက်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက Video Conference ဖြင့်ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Video Conference သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးကဆွေးနွေးရာတွင် နှစ်စဉ်မိုးရာသီကာလ၌ လေပြင်းတိုက်ခတ်ခြင်းများ၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ၊ မုန်တိုင်းတိုက်ခတ်ခြင်း စသည်ဖြင့် ရင်ဆိုင် ကြုံတွေ့ရလေ့ရှိကြောင်း၊ မကြာမီ မိုးရာသီကာလသို့ရောက်ရှိလာတော့မည်ဖြစ်ပြီး ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်နှစ်များနှင့် မတူဘဲ လတ်တလောဖြစ်ပွားလျက် ရှိသည့် COVID-19 ကူးစက်ရောဂါအခြေအနေကိုပါ ထည့်သွင်း စဉ်းစားဆောင်ရွက်လိုအပ်လာကြောင်း၊ စီမံခန့်ခွဲမှုပုံစံများ၊ လုပ်ဆောင်ချက်များ ပြောင်းလဲ သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံးကို COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေ အနေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် သဘာဝဘေးဖြစ်စဉ်များတွင် ကိုယ်တိုင်ပါဝင်ခဲ့ကာ စီမံခန့်ခွဲမှုအတွေ့အကြုံကောင်းများစွာရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာအကြံပေးအဖွဲ့မှ ဘာသာရပ်ပိုင်းဆိုင်ရာပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရ သည့်အတွက် ထိရောက်သည့်ဆွေးနွေး အကြံပြုချက်များရရှိပြီး လာမည့်မိုးတွင်းကာလ၊ COVID-19 ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူလူထုအတွက် ထိရောက်သော အစီအမံများကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
ထို့နောက်ပါဝင်တက်ရောက်လာကြသော အကြံပေးအဖွဲ့ဝင် ပညာရှင်များက ဆွေးနွေးကြရာ ယခုနှစ်အတွက် မိုးကြိုကာလ၊ မိုးလယ်၊ မိုးနှောင်း ကာလများတွင်ဖြစ်ပွားနိုင်သည့် ရာသီဥတုအခြေအနေ များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာတွင် မိုးနည်းပြီး အပူချိန်မြင့်မားနိုင်ကြောင်း၊ သောက်သုံးရေ ရှားပါးမှုများဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ရေကြီးမှုကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမား မဖြစ်နိုင်သော်လည်း နေရာကွက်၍မိုးကြီးခြင်းကြောင့် ရေစီးကြောင်းပိတ်ဆို့ပြီး လျှပ်တစ်ပျက် ရေကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းကြောင့် မြေပြိုခြင်းများလည်း ဖြစ်ပွားနိုင်ကြောင်း၊ ဆည်မြောင်းများ ရေဝင်နည်းပြီး စိုက်ပျိုးရေးအတွက် အခက်အခဲများကြုံတွေ့နိုင်ကြောင်း၊ အပူရှိန် ပြင်းထန်မှုကြောင့် လေပြင်းများ တိုက်ခတ်နိုင်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပွားနိုင်ကြောင်း၊ ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းများ ကျရောက်နိုင်သည့် ကြိုတင်ခန့်မှန်းချက်များရှိရာ ယခုကဲ့သို့ COVID-19 ဖြစ်ပွားလျက်ရှိသော ကာလတွင် သဘာဘေးတုံ့ပြန်မှုများအနေဖြင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရေးကိစ္စများ၊ Quarantine နေရာများ၊ နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကြုံးဝင်သည့်မြို့နယ်များ/နေရာများနှင့် COVID-19 ကူးစက်ရောဂါ ကုသနေသည့်နေရာများတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားရာ၌ COVID-19 ကူးစက်ရောဂါ သတ်မှတ်ချက်၊ လမ်းညွှန်ချက်များနှင့်အညီဖြစ်စေရေး၊ ထောက်ပံ့ရေးပစ္စည်းများတွင် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများကိုပါထည့်သွင်း စဉ်းစားရေး၊ ကယ်ဆယ်ရေးစခန်းများတွင် ရေလုံလောက်စွာ ရရှိရေးနှင့် ရေသန့်စင်နိုင်ရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာ ဖြန့်ဝေ ခြင်း၊ ဆည်မြောင်းတာတမံ နှင့်စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေသုံးစွဲရေးနှင့် လုပ်ငန်းစီမံချက် ကြိုတင်ပြင်ဆင်ရာတွင် COVID-19 ဖြစ်စဉ်နှင့်ဆက်စပ်၍ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်တို့က ဆွေးနွေးချက်များအပေါ် လက်တွေ့အကောင် အထည်ဖော်ရာတွင် COVID-19 ရောဂါနှင့်ဆက်စပ်၍ ကဏ္ဍအလိုက် ကြိုတင်စီစဉ်ရမည့် အခြေအနေများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြ ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝိုင်းဝန်းဆွေးနွေးအကြံပြုချက်များကို အလေးအနက်ထားပြီး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့် အခြားလုပ်ငန်းကော်မတီများနှင့် ဆက်လက် ဆွေးနွေး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှေ့ဆက်ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုများတွင် COVID-19 ရောဂါဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းစဉ်များနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပညာရှင်များ၏ ဆက်လက်အကြံပြုမှုများကို ဖိတ်ခေါ်ပါကြောင်းနှင့် ယခုပါဝင်ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။