ဧပြီလ ၂၀ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင် စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၁၉-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ IDP စခန်းများဖြစ်ကြသော မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ လော်ဝေါ်အေဂျီနှင့် မူရင်းနှစ်ခြင်း IDP စခန်းသို့သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ(၂) ခဲနှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု ၂၄၉ စု အတွက် ဆပ်ပြာခဲ(၄၉၈)ခဲနှင့် Mask ၄၉၈ခု ထောက်ပံ့ပေးခဲ့ပြီး ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ဂျော်(၂) IDP စခန်းရှိ အိမ်ထောင်စု (၂၀)စုအတွက် ဆပ်ပြာတောင့် (၂၀)တောင့် နှင့် Mask (၄၀)ခု တို့ကို ထောက်ပံ့ခဲ့ပါသည်။
၂၀-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် (၃)ရပ်ကွက်ရှိ ကာသိုလိပ် ဘုရားကျောင်း IDP စခန်းနှင့် ပန်ကူ IDP စခန်းတို့ရှိ အိမ်ထောင်စု(၁၃၅)စုအတွက် ဆပ်ပြာတောင့် (၁၃၅)တောင့်နှင့် Mask (၂၇၀)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။
ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများကို ထားရှိသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ Facility Quarantine နေရာများဖြစ်ကြသော မှန်စီ Cyclone Shelter ၊ အုန်းတောကြီး(တောင်) Cyclone Shelter ၊ သဲချောင်း Cyclone Shelterများသို့ သွားရောက်၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသူ စုစုပေါင်း (၂၂၈) ဦးအတွက် ဆပ်ပြာတောင့် (၂၂၈) တောင့်ကို ထောက်ပံ့ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။