တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ချိတ်ဆက်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း

ယခုလတ်တလောတွင် တိုင်းဒေသကြီး/ပြည်နယ်အချို့၌ လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ (၁၀-၆-၂၀၁၆) နှင့် (၁၁-၆-၂၀၁၆) နေ့တို့တွင်-
– ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကံသာရှမ်းစုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသား (၁) ဦး သစ်ပင်ပိ၍ သေဆုံးခြင်း၊ ပဲခူးမြို့နယ်၊ ကမာနက်ကျေးရွာတွင် အမျိုးသား (၁) ဦး မိုးကြိုးပစ်၍ သေဆုံးခြင်း၊ ပေါင်းတည်မြို့နယ်တွင် အမျိုးသမီး (၁) ဦး သစ်ပင်ပိ၍သေဆုံခြင်း၊ ပန်းတောင်းမြို့နယ်၊ ကျေးရွာ (၅) ရွာတွင် မိုးသည်းထန်စွာ ရွာသွန်း၍ သူရဲတန်းချောင်းရေတိုက်စားမှုကြောင့် နေအိမ် (၂၄) လုံး ရေမျောပါသွားခဲ့ခြင်း၊
– ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျ၍ နေအိမ် (၂) လုံး ပြိုကျပျက်စီးခြင်း၊ မဝှမ်းကျေးရွာအနီး တပ်တောင်-ရူးလမ်း ရှိ တံတားအမှတ် (၁၃/၉) ဗေလီသံဘောင် သစ်သားတံတား ယိုင်ကွေးလျက်ရှိပြီး တံတား ချဉ်းကပ်မြေသားလမ်း (၆) ပေခန့် ရေတိုက်စားခြင်း၊ မဝှမ်းချင်းရွာတွင် ဆည်ဖို့ထားသည့် ရေတား တာဘောင်ပေ (၂၀၀) ခန့်ကျိုးပဲ့ပျက်စီးခြင်း၊ တပ်တောင်-ရူးလမ်း မိုင်တိုင်အမှတ် (၁၂/၁) မိုင်နှင့် (၁၂/၄) မိုင်ကြား ရေကျော်လျက်ရှိခြင်း၊ ရူးချောင်းရေလွှဲတာဘောင် ချောင်းရေမြင့်တက်မှုကြောင့် ပေ (၇၀၀) ခန့်ကျိုးပဲ့ခြင်း၊ သံတွဲမြို့နယ်တွင် နေအိမ် (၃) လုံး ပျက်စီးခြင်း၊ တောင်ကုတ်မြို့နယ်၊ သိမ်တောင်ရပ်ကွက်တွင် နေအိမ် (၁) လုံး ရေမျောပါခြင်း၊ အောင်ဆိပ်ပြင်ကျေးရွာ သစ်သားတံတား၊ အင်တိုင်းကြီးကျေးရွာ သစ်သားတံတားတို့ ချောင်းရေဖြင့်မျောပါခဲ့ခြင်း၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ် (၄၈/၄) မိုင်တွင် တောင်ပြိုကျမှုကြောင့် ကားလမ်းများပိတ်နေခြင်း၊ ရွာသစ်ရွာတွင် အမျိုးသမီး (၄) ဦး ရေစီးဖြင့် မျောပါသေဆုံးခဲ့ခြင်း၊
– ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ရွာသာယာကျေးရွာတွင် ကလေး (၁) ဦး မိုးကြိုးပစ်၍ သေဆုံးခြင်း၊ ကြံခင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေ၀င်ရောက်မှုများ၊ ကားလမ်းရေကျော်ခြင်းများ၊ မိုးစပါးစိုက်ဧကများ ရေနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၄၆) စုကို ယာယီပြောင်းရွှေ့ပေးခဲ့ခြင်း၊

– ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ် (၁) လုံး ပျက်စီးခြင်း၊ ပလက်၀မြို့နယ်တွင် ရုပ်ချောင်းကြိုးတံတား ရေမျောပါသွားခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦးသတင်းရရှိမှုများအရ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events