၁။ ယခုလတ်တလောတွင် နိုင်ငံတ၀န်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဥ်နှစ်တိုင်း ရေကြီးရေလျှံမှုများ ကြုံတွေ့ရလေ့ရှိသော်လည်း ၂၀၁၅ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများမှစ၍ ပုံမှန်မဟုတ်သည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပါသည်။
၂။ သို့ပါ၍ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ် လာနိုင်သည့် လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိထားရန် လိုအပ် ပြီး ပြည်သူလူထုများအနေဖြင့်လည်း တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ မိသားစုအလိုက်သော် လည်းကောင်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်-
(က) မိုးလေ၀သသတင်းများကို စဥ်ဆက်မပြတ်နားထောင်ပါ။ မိမိ၏အိမ်နီးချင်းများကိုလည်း အသိပေးနှိုးဆော်ပါ။ မိသားစု၀င်အချင်းချင်းသော်လည်းကောင်း၊ အိမ်နီးချင်းများ နှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့်ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ အဆင်သင့်ရှိနေပါစေ။
( ခ) အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။
( ဂ) နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေး၍ လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြုပြင်ထားပါ။
(ဃ) မိသားစုများအရေးပေါ်ပြောင်းရွှေ့ရန် ဘေးလွတ်ကင်းသည့်နေရာ၊ ပြောင်းရွှေ့မည့် လမ်းကြောင်းများ ကြိုတင်သတ်မှတ်ထားပါ။ မိသားစုများ တကွဲတပြားစီဖြစ်သွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်နေရာကို မိသားစု၀င်အားလုံး သိရှိနေပါစေ။ ကလေးငယ်များ တွင် မိသားစုနှင့်ပြန်လည်ဆက်သွယ်ပေးနိုင်မည့် မိဘအုပ်ထိမ်းသူအမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များရေး၍ လည်ပင်းတွင်ချိတ်ဆွဲပေးထားပါ။
( င) တစ်ပတ်စာခန့် အရေးပေါ် အသင့်စားအစားအစာများ၊ ဆေး၀ါး၊ သောက်ရေ၊ အ၀တ်အစားအနည်းငယ်တို့ကို ကြိုတင်ပြင်ဆင်ထားပါ။ လက်နှိပ်ဓါတ်မီး၊ ဖယောင်း တိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
( စ) မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ စာချုပ်စာတမ်း၊ အိမ်ဂရံစသည့် အရေးကြီး စာရွက် စာတမ်းများ၊ လက်၀တ်ရတနာများ၊ ငွေကြေး စသည်တို့ကို ပလပ်စတစ်ဖြင့် သေခြာ ထုတ်ပိုးထားပါ။ အရေးပေါ်အချိန်တွင် မိမိနှင့်အတူပါရှိစေရေး သတိပြုယူဆောင်ပါ။
(ဆ) အရေးပေါ်အသုံးပြုနိုင်ရန် လှေများ၊ အသက်ကယ်ဘောကွင်းများ၊ Life Jacket များ၊ ကားတာယာဟောင်းများ၊ လူတစ်ဦးဖက်တွယ်နိုင်သည့် ၀ါးပိုး၀ါးဆစ်များ၊ ငှက်ပျောတုံး များနှင့် ပလပ်စတစ် ပုံးလွတ်များ ဆောင်ထားပါ။
( ဇ) လိုအပ်ပါက မွေးမြူထားသော တိရိစ္ဆာန်များ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပစ္စည်း များကို လုံခြုံရာသို့ ပြောင်းရွှေ့ထားပါ။
( ဈ) ယခုကာလတွင် အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ လျှပ်တပြက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကိုသတိပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ပါ။
(ည) မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။
( ဋ) မြွေနှင့်အဆိပ်ရှိသောသတ္တ၀ါများ၏ အန္တရာယ်ကို သတိပြုပါ။
( ဌ) လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့်တတ်နိုင်သမျှေ၀းေ၀းနေပါ။
၃။ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နိုးဆော်ချက်များ၊ အကြံပြုချက် များအတိုင်းကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဥ် ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်နိုင်ကြပါရန်နှင့် ဘေးဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ သတင်းပေးပို့လိုပါက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hotline ဖုန်းနံပါတ်များဖြစ်သော (၀၆၇-၄၀၄၆၆၆)နှင့် (၀၆၇-၄၀၄၇၇၇)များသို့ သတင်းပေးပို့ဆက်သွယ်ပေးပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ (လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန)