လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ လူမှု၀န်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့် တာ၀န်ရှိသူများလိုက်ပါလျက် (၁၁-၆-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စု၀န်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်မှ (၂၄)နှစ်အရွယ်အတွင်းရှိ လူငယ်ဦးရေသည် နိုင်ငံလူဦးရေ၏ (၁၇.၈၁%) ရှိသည့်အတွက် နိုင်ငံရဲ့ကြီးမားလှတဲ့ အင်အားစုတစ်ရပ် အဖြစ်ကြောင်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မယ့် လူငယ်များရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ဖန်တီးကြိုးစားဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် လူငယ်မူဝါဒရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် နိုင်ငံပေါင်း (၃၀) ကျော် ရှိသည့်အနက် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပါကြောင်း၊ လူငယ်မူဝါဒ ရေးဆွဲနိုင်ခြင်းမရှိတဲ့ နိုင်ငံများမှာ လူငယ်များ၏လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအပေါ် အခြေခံ၍ လုံလောက်သည့် တုန့်ပြန်မှုများဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံမှာလည်း လူငယ်မူဝါဒများရေးဆွဲဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများ၊ UN Agenciesများ၊ လူငယ်ကိုယ်စားလှယ်များနှင့်အတူ လူငယ်မူဝါဒရေးဆွဲနိုင်ရန်အတွက် လူငယ်မူဝါဒရေးဆွဲရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များဖွဲ့စည်းဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြသည့်တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များလည်း လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာကော်မတီများနဲ့ မူကြမ်းရေးဆွဲအဖွဲ့မှာ ပါဝင်ဖွဲ့စည်းနိုင်ရန်အတွက် မြန်မာနိုင်ငံလူငယ်ထုကို ကိုယ်စားပြုတဲ့ လူငယ်ကိုယ်စားလှယ်များကို ယခုကျင်းပတဲ့ (၃) ရက်တာ ကာလအတွင်း ဝိုင်းဝန်းရွေးချယ်စေလိုပါကြောင်း၊ ယနေ့ကျင်းပသည့်ဆွေးနွေးပွဲတွင် လူငယ်များ အဓိကရင်ဆိုင်ကြုံတွေ့နေရတဲ့ အခန်းကဏ္ဍကြီး (၅) ရပ်ဖြစ်သည့် လူငယ်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ်ရေးရာ မူဝါဒများကို ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရတဲ့အတွက် ရလဒ်ကောင်းများ ရရှိအောင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးဖို့မှာကြားလိုပါကြောင်းစသဖြင့် အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက်(၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဝန်ကြီးဌာနအနေဖြင့် ပြုလုပ်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုရှင်းလင်းပြီး ကနေ့လာရောက်တွေ့ဆုံရခြင်းမှာ လွန်ခဲ့သော (၃) ရက်က ြဖစ်ပွားခဲ့သော ကောလင်းမြို့ရေကြီးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ နောင်တွင် အလားတူမဖြစ်ပွားနိုင်ရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး၍ အြေဖထုတ်ဖော်ရန် ဖြစ်ပါကြောင်း အမှာစကားြေပာကြားပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေးချက်များအရ ကောလင်းမြို့ရေကြီးမှု ဖြစ်စဉ်အခြေခံအကြောင်းဖြစ်သော ဒေါင်းမြူးချောင်းကို ရေစီးရေလာ ဖြောင့်ဖြူးစွာ စီးဆင်းနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုအပ်သော အစီအမံများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့်မှ ပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့စေလွှတ်၍ ြေမပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။ ထို့အပြင် မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတာပေါင် ကြံ့ခိုင်ရေးနှင့် ဂလိုင်ထူးပေါက်များ မရှိစေရေးအတွက် မိုးတွင်း ကာလတွင် စနစ်တကျစောင့်ကြည့်ပြုပြင်ရေးများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဌာနဆိုင်ရာမှတာဝန်ရှိသူများက ဌာနအလိုက် အသီးသီးတင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုနှင့်ပတ်သက်၍ ဆွေးနွေးချက်များအား ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ နှစ်စဥ်ထောက်ပံ့ပေးလျက်ရှိသော ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများသို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေကျပ် (၇၉၉၇၈၀၀၀) နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကူညီကယ်ဆယ်ရေးများ ပြုလုပ်ရန်အတွက် ဖိုင်ဘာလှေ (၃)စီး ဝယ်ယူရန် ငွေကျပ် သိန်း(၅၀)အား ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးမှ လက်ခံရယူပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် (၉-၆-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကောလင်းမြို့ ရေကြီးရေလျံှမှုတွင် ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စု (၅၅၂၈)စု၊ လူဦးရေ (၂၅၂၄၂)ဦးအတွက် ဆန်(၃)ရက်စာ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်၊ စက်သုံးဆီများ အတွက်ထောက်ပံ့ငွေ စုစုပေါင်း (၂၄၃၆၄၇၀၀)ကျပ် အား တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးခဲ့ပါသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဧပြီလနှင့် မေလတွင် လေပြင်းတိုက်ခတ်မှု (၆၀)ကြိမ်၊ မီးလောင်မှု (၁၁)ကြိမ် ဖြစ်ပွားခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးအနေဖြင့် ထောက်ပံ့မှုစုစုပေါင်း ငွေကျပ် (၂၄၂၃)သိန်း ထောက်ပံ့ပြီးဖြစ်ပါသည်။
ကောလင်းမြို့ ရေကြီးလျှင်ကြီးချင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကောလင်းမြို့သို့သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ရိက္ခာထောက်ပံ့ခြင်းများ ဆောင်ရွက်ကာ ကောလင်းမြို့နယ် အုပ်ချုပ်ရေးဌာန အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ ရေကြီးမှု ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ၊ လူမှု၀န်ထမ်းဦးစီးဌာန၊ ဦးစီးမှူးရုံးနှင့် နေ့ကလေးထိန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် လမ်းညွှန်၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။