လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၆) ကို ဇွန်လ (၁၀) ရက်နေ့ (၁၃း၀၀) နာရီအချိန် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အမှာစကာပြောကြားရာတွင် ယခုအစည်းအဝေးသည် အရေးကြီးသည့် အစည်းအဝေးဖြစ်ကြောင်း၊ အစိုးရအဖွဲ့အသစ်အနေနဲ့ ပြည်သူကို ရှေ့ရှုပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဒုတိယအနိမ့်ဆုံး ပြည်နယ်ဖြစ်၍ ဦးစားပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေကို ဗဟိုကော်မတီများ ပါဝင်သောအဖွဲ့မှ သွားရောက် လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်၏ လက်ရှိလိုအပ်ချက်များကို သိရှိခဲ့ရပါကြောင်း၊ ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများအလိုက် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီသည် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည့် တာဝန်ရှိကြောင်း၊ ပြည်နယ်အစိုးရနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးဌာနအလိုက် အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ဆောင်ရွက် ပေးမှုများကိုလည်း ပြည်သူများသိရှိနိုင်ရေးပွင့်လင်းမြင်သာစွာချပြပေးရန်နှင့် သတင်းထုတ်ပေးရန်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်ပါရှိပြီးဖြစ်သည့် လုပ်ငန်းများကို ဆောင်ရွက်သလို ထပ်မံဆောင်ရွက်ပေးရမည့်လုပ်ငန်းများကိုလည်း ဦးစားပေးအဆင့်များ သတ်မှတ်ပြီး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်သွားရမှာဖြစ်ကြောင်း၊ စီမံချက်များကို အမြန် ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရေးအတွက်ကိုလည်း ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီ (၄) ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းနှင့် ရေကြီးမှုများ၊ မြေပြိုများ၊ ကျရောက်လွယ်သော ပြည်နယ်ဖြစ်၍ ယခုကဲ့သို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော အခြေခံအဆောက်အဦများ တည်ဆောက်ရန်လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးကြရန်နှင့် ဒေသခံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး မြင့်မားရေးအတွက်ကိုလည်း အခြေခံမှစ၍ ရည်မှန်းချက်ထား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိရိုးဖလာ လယ်ယာစိုက်ပျိုးရေးနှင့် အသားငါး ထုတ်လုပ်ရေးကဏ္ဍများကိုလည်း သိပ္ပံနည်းကျ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်အတွက် အထူးစိုက်ပျိုးရေး၊ မွေးမြူရေးဇုံများအား ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် နည်းလမ်းများ ဖော်ထုတ်ပြီး ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးအတွက်လည်း မြေနေရာများ စနစ်တကျဖော်ထုတ်ဆောင်ရွက်ပေးကြပါရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား ရခိုင်ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သိရှိရပါသည်။