ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ အောက်တိုဘာလ (၁၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ အောက်တိုဘာလ (၁၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပသော ၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာ၌ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (၆၄/၂၀၀) အရ အောက်တိုဘာလ (၁၃) ရက်နေ့ကို အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ယခုနှစ်ကျရောက်သည့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အတွက် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေး မဟာဗျူဟာက သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “သဘာဝဘေးဒဏ်ခုခံဖို့ သက်ကြီးများနှင့် လက်တွဲစို့” ဟူ၍ ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို ရင်ဆိုင်တွေ့ကြုံခံစားနေရပါကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်ဖြစ်ပွားမှု (၂၉၆) ကြိမ်ရှိခဲ့ပြီး လူပေါင်း (၂၁၂၅၀)ဦး အသက် ဆုံးရှုံးခဲ့ပါကြောင်း၊ စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ (၁၉၂) ဘီလီယံ ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်အတွင်း ဘေးအန္တရာယ် (၃၆၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူဦးရေ (၁၇၄၃၅၈) ဦးရှိခဲ့ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၈၃၅ ဒသမ ၃၉) သန်း ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အာဆီယံနိုင်ငံများသည်လည်း ယခုနှစ်ပိုင်းအတွင်း၌ ရာသီဥတု ပြောင်းလဲလာမှု၏ ဆိုးကျိုးသက်ရောက်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုနှင့် ဘေးဒဏ် ထိခိုက်ခံစားရမှုများကို ပိုမိုခံစားလာရခြင်းကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း အာဆီယံ နိုင်ငံများသည် ပြင်းထန်သည့် သဘာဝဘေးအန္တရာယ် (၁၄) ကြိမ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါကြောင်း၊ ထို့အတွက် အာဆီယံဥက္ကဋ္ဌဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် ကျရောက်ခဲ့သည့် (၄၇) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုသို့ဖြစ်ရပ်များကို ကာကွယ်နိုင်ရန်အတွက် အာဆီယံအဖွဲ့အတွင်းသာမက ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်သွားကြရန် ပြောကြားခဲ့ပါကြောင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်စေရေးအတွက် နေပြည်တော်တွင် မေလ (၁၁) ရက်က ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် ASEAN Summit တွင် ထုတ်ပြန်ခဲ့သည့် နေပြည်တော် ကြေညာစာတမ်း၏ သဘောတူညီချက် (၂၄) တွင် အာဆီယံသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်ကို ဒေသတွင်း မူဘောင်တစ်ရပ်အဖြစ်ခံယူပြီး အာဆီယံ၏သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံ များတွင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီက ဦးဆောင်ကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အထိ သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများကို ဖွဲ့စည်းကာ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် (၃၁) ရက်နေ့ တွင် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ယင်းဥပဒေတွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ အများဆုံးဖြစ်ကြသည့် ကလေးသူငယ်များ၊ မိခင်များနှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများ (အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် သားသည်မိခင်များ) အား ဦးစားပေးကူညီစောင့်ရှောက်ရမည်ဟု ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ လုပ်ငန်းစဉ်များ၊ စီမံကိန်း များတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစဉ်များ ပေါင်းစပ်ထည့်သွင်းဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားသည့်အခါ ဖြစ်ပွားရာဒေသရှိ ရပ်ရွာလူထုသည် ပထမဦးဆုံး ရင်ဆိုင်ဖြေရှင်းရသူများဖြစ်ပြီး စီမံတုံ့ပြန်ဆောင်ရွက်သည်မှာ ဒေသခံအစိုးရများပင် ဖြစ်ပါ ကြောင်း၊ ဘေးဒဏ်ကျရောက်နိုင်ခြေရှိသည့် ဒေသများရှိ ပြည်သူလူထု၊ ဝန်ထမ်းများနှင့် အစိုးရများ၏ ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်အတွက် သဘာဝဘေး အန္တရာယ်လျော့ပါး ရေးဆိုင်ရာ နည်းပြသင်တန်းများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့သင်တန်းများ လေ့ကျင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ကို ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာ သိရှိလုပ်ဆောင်နိုင်စေရေးအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် တည်ထောင်ဖွင့်လှစ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယိုဂိုမူဘောင်လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက် လုပ်ငန်းစဉ် များအတိုင်း အာဆီယံနိုင်ငံများအတွင်း သတင်းအချက်အလက်ဖလှယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များကို လျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် တည်ထောင်ထားသည့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိနိုင်ငံတွင် (၂၀၀၈) ခုနှစ်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းဘေး၊ ၂၀၁၁ ခုနှစ်တွင် တာလေငလျင်ဘေးနှင့် မကွေးတိုင်းဒေသကြီး လျှပ်တစ်ပြက်ရေးကြီးမှု၊ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းငလျင်ဘေး၊ ယခုနှစ် မိုးတွင်းကာလ၌ ရေကြီးမှုများ ဖြစ်ပွားခဲ့သော ဒေသများရှိ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်၊ ပြည်သူ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဘက်စုံကဏ္ဍစုံတွင် ထည့်သွင်းပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည့်အတွက် လူတစ်ဦး တစ်ယောက်ချင်းစီက တာဝန်သိစိတ်ဖြင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များမှ ဘေးကင်းလုံခြုံသော လူနေမှုဘဝများ တည်ဆောက် ကြပါစို့ဟု တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ယင်းနောက် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဌာနကိုယ်စားလှယ် Ms. Renata Dessallien က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Ms. Renata Dessallien တို့က အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပေးကြသည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအားပြသပြီး၊ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားသည့် ပြခန်းငယ်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

Sign Up

Upcoming Events