မတ်လ ၂၂ ၊ ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၌ ဘက်စုံသုံးဘေးဒဏ်ခံ စာသင်ကျောင်း အဆောက်အဦ (ပေ ၁၃၀ x ပေ ၃၀ x ၁၅ပေ) (၁) လုံး တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ချောင်းသာမြို့ ဒေသခံပြည်သူအချို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ကြသူများအား တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဧရာဝတီတိုင်းဒေသကြီး) က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုထောက်ပံ့ငွေပေးအပ်ပွဲကို လူမစုဘဲ တွေ့ဆုံခြင်း ပုံစံဖြင့် COVID -19 ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တာဝန်ရှိသူများ၊ ပြည်သူများနှင့် တွေ့ဆုံမှုတိုင်းတွင် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် လက်ရှိဖြစ်ပေါ်နေသော COVID -19 ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းရန် လိုအပ်ပါကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID − 19)ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း၊ (COVID − 19) ရောဂါသည် ပြန့်နှံ့လွယ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုမှာ ကူးစက် ပြန့်နှံ့နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရမှု တိကျသောအထောက်အထား ယနေ့အထိ မရှိသေး သော်လည်း ရောဂါဖြစ်ပွားပြန့်နှံ့နေသော ပြည်ပနိုင်ငံများမှ ပြန်လာသူများတွင် ရောဂါပိုး ကူးစက်ခံရသူများ ပါလာနိုင်ချေရှိသည်ကို သတိရှိကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံသားများအပါအဝင် ခရီးသွားများအား လေကြောင်းဖြင့် ဝင်ရောက်လာမှုများကို စနစ်တကျ စစ်ဆေး စိစစ်ဆောင်ရွက်လျက်ရှိပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း မည်သည့်နိုင်ငံခြားသားကိုမဆို နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်မှုကို ယာယီပိတ်ပင်ထားပြီး ဖြစ်ပါကြောင်း၊ ဤဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း မိမိနိုင်ငံ၊ မိမိဒေသသို့ ပြန်လာကြမည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်ခြင်းမဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာကြသည့် သူများရှိနိုင်ကြောင်း၊ ထိုသူများကို မိမိပတ်ဝန်းကျင်တွင် တွေ့ရှိပါက COVID – 19 ရောဂါ၏ ကူးစက်ပြန့်နှံ့လွယ်မှုနှင့် အန္တရာယ်များကို နားလည်သဘောပေါက်အောင် ရှင်းပြရန်နှင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကျန်းမာရေးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိကြောင့် မိမိ မိသားစု၊ မိတ်ဆွေများနှင့် မိမိရပ်ရွာသို့ ရောဂါကူးစက်ပြန့်ပွားခြင်းကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် မိမိအိမ်တွင် (၁၄) ရက်ကြာ သီးခြားနေထိုင်ရန် လိုအပ်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း ဖြစ်ပွားပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာနသို့ အသိပေးကုသရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များကို မိမိတို့တစ်ဦးချင်းက တာဝန်ယူ လိုက်နာကြရန်လိုကြောင်း၊ ရောဂါဖြစ်ပွားသော ဒေသသို့ သွားရောက်ခဲ့ခြင်းမရှိသော်လည်း မိမိတို့နိုင်ငံအတွင်း ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် အဓိက ဆောင်ရွက်ရန်မှာ လက်ဆေးခြင်း၊ လူစု၊ လူဝေး ရှောင်ရှားခြင်း၊ အသိ၊ သတိဖြင့် နေထိုင်ခြင်းများဖြင့် ဝိုင်းဝန်းကူညီပေးကြရန် လိုအပ်ပါကြောင်းနှင့် အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကူးစက်လွယ်ပြီး ထိခိုက် ဆုံးရှုံး နိုင်ချေရှိသဖြင့် ပို၍ဂရုပြုကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာ မြို့တွင် လိုအပ်လျက်ရှိသော ဘက်စုံသုံးဘေးဒဏ်ခံ စာသင်ကျောင်းအဆောက်အဦ ဆောက်လုပ်ရန် အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မကြာမီကျရောက်မည့် မိုးတွင်းကာလတွင် ဖြစ်ပွားတက်သော ဘေးဒဏ်များနှင့် ပတ်သက်၍လည်း အသင့်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း၊ COVID – 19 ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်သည် မိုးတွင်းကာလတွင် ပိုမိုပြန့်ပွားလွယ်သည်ဟု ယူဆထား ကြရာ မိမိတို့တစ်ဦးချင်းစီက ရောဂါကို ကြိုတင်ကာကွယ်နည်းများ၊ မပြန့်ပွားအောင် နေထိုင်နည်းများကို အလေ့အကျင့်ဖြစ်အောင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံအနှံ့တွင် သဘာဝဘေးဒဏ်များ ခံစားနေကြရကြောင်း၊ လေပြင်းဘေး၊ မုန်တိုင်ဘေးနှင့် ရေကြီးရေလျှံဘေးများ ဖြစ်ပွားလေ့ရှိသည့်အပြင် ပိုမိုပြင်းထန်သည့် ဘေးဒဏ်များကျရောက်နိုင်သဖြင့် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိအောင် အသင့်ပြင်ထား ကြရန်လိုအပ်ကြောင်း၊ ဘေးဒဏ်များကျရောက်ပါက လူ့အသက်မဆုံးရှုံးရေးသည် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ ၂၀၁၆ ခုနှစ်မှစ၍ ဘေးသင့်ပြည်သူများ လုံခြုံစွာခိုလှုံနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဘေးဒဏ်ခံအဆောက်အဦများကို အလိုအပ်ဆုံး နေရာများတွင် ရွေးချယ်၍ စုစုပေါင်းငွေကျပ် (၂၉) ဘီလီယံကျော် အကုန်အကျခံကာ စနစ်တကျ စိစစ် ဆောက်လုပ်ခဲ့ရာ ယခုအခါ စုစုပေါင်း (၂၃၃)လုံး တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ယခုဆောက်လုပ်မည့် အဆောက်အဦသည် သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိပြီး စာသင်ကျောင်းဆောင်အနေဖြင့် လည်းကောင်း၊ အခြားရပ်ရွာ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လည်းကောင်း အသုံးပြုနိုင်မည့် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ပြည်သူ့အကျိုးအတွက် ပြည်သူ့အစိုးရက စီမံခန့်ခွဲ ဆောင်ရွက်ပေးခြင်းဖြစ်ရာ ပြည်သူများအားလုံးက အကျိုးရှိစွာအသုံးချတတ်ရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲရန် ပူးပေါင်းတာဝန်ယူကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ငွေကျပ် (၂၆၇.၅၂၅) သန်းကို ပေးအပ်ရာ ဒေသခံများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ်၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ၊ ဧရာဝတီတိုင်း ဒေသကြီးခရီးစဉ်တွင် ကိုယ်တိုင် ဒေသ၏လိုအပ်ချက်ကို တင်ပြခဲ့သော ချောင်းသာမြို့ ဒေသခံ ပြည်သူတစ်ဦးက နိုင်ငံတော်အစိုးရ၏ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းထောက်ပံ့မှုအတွက် ဒေသခံကပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။
#hl1
#ayy_mar2020
Source: MSWRR