ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အင်းပုညာ−ကျောင်းကုန်း ကုန်ထုတ်လမ်းပေါ်၌ ကွန်ကရစ်တံတား တည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်

21_Pic_01

မတ်လ  ၂၁ ၊ သာယာဝတီ

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ အင်းပုည − ကျောင်းကုန်း ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း သည် နှစ်စဉ်မိုးသည်းထံစွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသည့်အတွက် ရေရှည် ဘေးအန္တရာယ်ကာကွယ်ရန်တည်ဆောက်မည့် ( ပေ ၈၀ x ၁၄ ပေ x ၈ ပေ ) ကွန်ကရိအမျိုးအစား တံတားတစ်စင်းအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID − 19) နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ (COVID − 19) ရောဂါသည် ပြန့်နှံ့လွယ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုမှာ ကူးဆက် ပြန့်နှံ့နေပြီဖြစ်ကြောင်း၊ ထိုရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် နိုင်ငံတိုင်းတွင် တာဝန်ရှိပါကြောင်း၊ အစိုးရက ကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူသိရှိလိုက်နာ ဆောင်ရွက်ရန် ကြေညာချက်များ ထုတ်ပြန်ထားပါကြောင်း၊ ထိုကြေညာချက်များကို အားလုံးလိုက်နာကြရန် လိုကြောင်း၊ လူမှလူသို့ ကူးစက်ပြန့်ပွားလွယ်သော ရောဂါဖြစ်သောကြောင့် လူစု၊ လူဝေးပြုလုပ်ခြင်းကို ရှောင်ရှားရမှာဖြစ်ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၃) ပေ အကွာ ခပ်ခွာခွာရှိရန်လိုအပ်ကြောင်း၊  ထို့ကြောင့် ယခုတွေ့ဆုံပွဲကိုလည်း လူအနည်းဆုံးဖြင့် လူစု၊ လူဝေး မဖြစ်စေရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းတို့ကိုလည်း ပြုလုပ်ထားပါကြောင်း၊ ဤ (COVID − 19) ရောဂါ ကြိုတင်ကာကွယ်ရန် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ရှားခြင်း၊ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊ လက်သန့်စင်ဆေးရည် အသုံးပြု၍ လက်ကို ဆေးကြောခြင်း၊ လက်ကို မဆေးကြော မသန့်စင်ဘဲ မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာတို့ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိ ဖျားနာ၊ နှာချေ၊ ချောင်းဆိုးလျှင် တခြားသူများနှင့် နီးကပ်စွာရှိခြင်းကို ရှောင်ကြဉ်ခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းနှင့်  ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက အသိ၊ သတိဖြင့် ပူးပေါင်းပါဝင် ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။

            ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ယနေ့ထောက်ပံ့ငွေ ပေးအပ်ခြင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဘေးသင့်ဒေသများ အလျင်အမြန် ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့က ပြည်သူ၏ လိုအပ်ချက်ကို အလျင်အမြန်ဖြည့်ဆည်းခြင်း ဖြစ်ကြောင်း၊ သာယာဝတီမြို့နယ်၊ အင်းပုညာ − ကျောင်းကုန်း ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းသည် ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းခြင်း သဘာဝဘေးကြောင့် ပျက်စီးသွားသဖြင့် ထိုလမ်းပေါ်တွင် ရေရှည်သဘာဝဘေးဒဏ်ခံနိုင်သည့် ကွန်ကရိ တံတားတစ်စင်း တည်ဆောက်ရန် လိုအပ်သဖြင့် စိစစ်၍ ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဤသို့ တည်ဆောက်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ကျေးရွာ (၁၆)ရွာမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စသည့် အဘက်ဘက်မှ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် စနစ်တကျ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရန် ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့သည့် ငွေကျပ် သိန်း(၉၉၀)ကို ပေးအပ်ရာ ဒေသခံများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အလျင်အမြန် တုံ့ပြန်ပေးသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ကြသော ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက နိုင်ငံတော်၏ ပြည်သူ့အတွက် အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ချက်အတွက် ဝမ်းမြောက်ကြည်နူး၍ အထူးကျေးဇူးတင်ပြီး မိမိတို့အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#bgo_mar2020

Source:     MSWRR

Sign Up

Upcoming Events