မတ် ၁၇ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ညနေပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် မြေပြင်တွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ကို အွန်လိုင်းဖြင့်ဆက်သွယ်ခဲ့ပြီး ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
အွန်လိုင်းမှတဆင့် ပြုလုပ်သောအစည်းအဝေးတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ဦးဆောင်သည့် မြေပြင်ကွင်းဆင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့မှုများကို တင်ပြပါ သည်။
ထိုသို့တင်ပြရာတွင် ပြန်လည်နေရာချထားရန်ရွေးချယ်ထားသည့်လက်ရှိစခန်းနှင့် (၂)ဖာလုံအကွာရှိနေရာ တွင် နေအိမ်၊ ရေနှုတ်မြောင်းများ၊ လမ်းနှင့် ရေတားတမံများ တည်ဆောက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့်ကျန်းမာရေးအတွက် လိုအပ်သောအခြေခံအဆောက်အအုံများ တည်ဆောက် ပေးရေးတို့ကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ ကျောက်တစ်လုံး IDP စခန်းသို့သွားရောက်ကာ စခန်းနေသူများနှင့် ထပ်မံတွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း တင်ပြပါသည်။
ဆက်လက်၍ ကွင်းဆင်းအဖွဲ့သည် မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ဖြူမြို့ခံ ရပ်မိရပ်ဖ (၇)ဦးတို့နှင့် ထပ်မံတွေ့ဆုံညှိနှိုင်းခဲ့ကြောင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်နေသော ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDPစခန်း ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_mar2020
Source: MOSWRR