မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၅) ရက်နေ့ထုတ်ပြန်ချက်-
မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြုနေထိုင်သွားကြပါရန် ကြိုတင် သတိပေး နှိုးဆော်အပ်ပါသည်။